မြန်မာ့ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံတွင်း မြန်မာနိုင်ငံသားများ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု မြင့်တက်
နိုဝင်ဘာ ၂၁
ပြည်တွင်းစစ်ကြောင့် ချုံးချုံးကျနေတဲ့ စီးပွားရေးနယ်ပယ်ကနေ ၎င်းတို့ပိုင်ငွေကြေးတွေကို ရွှေ့ပြောင်းထားဖို့ ကြိုးပမ်းတဲ့အနေနဲ့ မြန်မာနိုင်ငံသားဝယ်လက်တွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ တခြားဒေသတွေမှာ ကွန်ဒို တိုက်ခန်းတွေကို သိမ်းကျုံးဝယ်ယူနေကြပါတယ်။
၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း မြန်မာနိုင်ငံသားတွေကို ရောင်းချခဲ့တဲ့ ကွန်ဒိုတိုက်ခန်းအရောင်းပမာဏဟာ ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် သုံးဆမြင့်တက်သွားကြောင်း ထိုင်းနိုင်ငံ အိမ်ခြံမြေသတင်းအချက်အလက် စင်တာ (REIC) က ပြောပါတယ်။
အခုနှစ်အတွင်း မြန်မာနိုင်ငံသားတွေ ဝယ်လိုအားမြင့်တက်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံတွင်း ကွန်ဒိုတိုက်ခန်းဝယ်ယူ မှုမှာ တရုတ်နိုင်ငံသားတွေပြီးရင် မြန်မာနိုင်ငံသားတွေက ဒုတိယနေရာကလိုက်နေတယ်လို့ REIC က ပြောပါ တယ်။
“တခြားနိုင်ငံတွေမှာ ပဋိပက္ခဖြစ်လာတဲ့အခါတိုင်း နိုင်ငံခြားသားတွေက ငြိမ်းချမ်းစွာ ခိုလှုံရာနေရာအဖြစ်ရှာဖွေဖို့ ထိုင်းနိုင်ငံဘက်ကို ခြေဦးလှည့်လာလေ့ရှိပါတယ်။” လို့ REIC ရဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ် ကာမွန်ပေါ့ဗီရာပါ လာက အခုသီတင်းပတ်အတွင်း သတင်းထောက်တွေကို ပြောပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း ထိုင်းဘတ်ငွေ ၅.၄၆ ဘီလျံ (ဒေါ်လာ ၁၅၈ သန်း) တန်ကြေး ရှိတဲ့ ကွန်ဒိုတိုက်ခန်း ၁,၀၀၀ ကို မြန်မာနိုင်ငံသားတွေကို ရောင်းချခဲ့ကြောင်း REIC သတင်းအချက်အလက် တွေမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံနဲ့ ကီလိုမီတာ ၂၅၀၀ (မိုင် ၁၅၅၀၀) နယ်နမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာ သိမ်းပြီးနောက် ဖူးသစ်စ ဒီမိုကရေစီနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ရပ်ဆိုင်းသွားခဲ့သလို နိုင်ငံတစ်ဝန်း အ ကြမ်းဖက်မှုတွေ ဖြစ်ပွားလာခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေးတွေ ဝရုန်းသုန်းကားဖြစ်လာတာဖြစ်ပါတယ်။
မြန်မာငွေကြေးတန်ဖိုးဟာလည်း ကျဆင်းနေပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာပါတယ်။ လက်ရှိ ဘဏ္ဍာရေးနှစ် မှာ မြန်မာ့စီးပွားရေးဟာလည်း ၁% သာ မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်က ပြောပါတယ်။
မတည်ငြိမ်တဲ့ ကျပ်ငွေကို တည်ငြိမ်အောင်လုပ်ဖို့အတွက် နစက အစိုးရဟာ ဇွန်လအတွင်းက ထိုင်းကွန်ဒိုတိုက် ခန်းရောင်းဝယ်ရေးဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်ငါးဦးကို တရားစွဲဆိုခဲ့ပါတယ်။ ပြည်ပနိုင်ငံက အိမ်ခြံမြေဝယ်ယူမှုကို အရင်တုန်းက မြန်မာနိုင်ငံမှာ တရားမဝင်အဖြစ် သတ်မှတ်ထားခြင်းမရှိပေ မဲ့ လက်ရှိအချိန်မှာတော့ နစက အစိုးရဟာ နိုင်ငံခြားငွေစီးဆင်းမှုကို ကန့်သတ်ဖို့ ကြိုးပမ်းနေပါတယ်။
အိမ်ခြံမြေဝယ်ယူမှုနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို နစက အစိုးရဘက်က ပြန်လည်ဖြေ ကြားတာ မရှိပါဘူး။
မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲတွေ အရှိန်မြင့်တက်လာခဲ့သလို ၂၀၂၂ ခုနှစ်ကတည်းက ထိုင်းနိုင်ငံထဲမှာ မြန်မာ နိုင်ငံသားတွေရဲ့ အိမ်ခြံမြေဝယ်ယူမှုဟာလည်း မြင့်တက်လာခဲ့ပါတယ်။
ဖိနှိပ်မှုတွေရှိနေပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ဝင်ရောက်လာဆဲဖြစ်ပြီး ဇူလိုင်-စက်တင်ဘာ သုံးလ အတွင်း ၆၅% မြင့်တက်လာခဲ့ကြောင်း REIC အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ငွေကြေးချမ်းသာတဲ့ မြန်မာနိုင်ငံသားတချို့ဟာ စစ်ဘေးဒဏ်သင့်နေတဲ့ ၎င်းတို့တိုင်းပြည်ထဲမှာ ငွေကြေးသိမ်း ဆည်းထားတာတွေကို ရှောင်ရှားဖို့အတွက် ထိုင်းနိုင်ငံက အိမ်ခြံမြေတွေကို ဝယ်ယူနေတာဖြစ်ကြောင်း အမည် မဖော်လိုတဲ့ အိမ်ခြံမြေအေးဂျင့်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေဟာ ဒေါ်လာ ၁၄၅,၀၀၀ နဲ့ ၃၅၀,၀၀၀ ကြားတန်ဖိုးရှိ အိမ်ခြံမြေတွေကို ဝယ် ယူနေကြပြီး ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်ပြည်နယ်ဟာလည်း မြန်မာနိုင်ငံသားတွေ အကြိုက်တွေ့တဲ့နေရာ တစ်ခုဖြစ်ကြောင်း အဆိုပါ အေးဂျင့်က ပြောပါတယ်။
တခြားလူတွေအတွက်တော့ ထိုင်းနိုင်ငံမှာ ဝယ်ယူထားတဲ့ အိမ်ခြံမြေတွေဟာ လက်ရှိအချိန်မှာ ၎င်းတို့နေထိုင် ရာ အိမ်တွေဖြစ်နေကြပါတယ်။
“မြန်မာနိုင်ငံထဲက အခြေအနေတွေက ပိုဆိုးလာတယ်။ ကျွန်တော်ကတော့ ပြန်သွားဖို့ အစီအစဉ်မရှိပါဘူး။” လို့ အမည်မဖော်လိုတဲ့ အသက် ၃၀ အရွယ် မြန်မာနိုင်ငံသားအထူူးကုဆရာဝန်တစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတာ နှစ်နှစ်ကြာပြီဖြစ်တဲ့ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကလည်း ၎င်းအနေနဲ့ မကြာသေးခင်ကပဲ ဘန်ကောက်မြို့ပြင်ဘက်မှာ ဒေါ်လာ ၂၉,၀၀၀ တန် တိုက်ခန်းတစ်ခန်းဝယ်ယူထားကြောင်း ပြောပါတယ်။
ထိုင်းအိမ်ခြံမြေဈေးကွက်ထဲမှာ တခြားနိုင်ငံခြားသားဝယ်လက်တွေဆီက ဝယ်လိုအားလျော့ကျနေချိန်မှာ အခုလို မြန်မာနိုင်ငံသားတွေရဲ့ ဝယ်လိုအားတွေ မြင့်တက်လာတာဖြစ်ပါတယ်။
မကြာသေးခင်နှစ်များအတွင်း တရုတ်နိုင်ငံသားတွေရဲ့ ဝယ်လိုအားဟာ ၁၂% လျော့ကျသွားသလို ရုရှားနိုင်ငံ သားတွေရဲ့ ဝယ်လိုအားကလည်း ၁၆.၈% လျော့ကျသွားကြောင်း REIC က ပြောပါတယ်။
Ref: Conflict in Myanmar sparks surge in Thai property purchases: Reuters/ Bangkok Post
Credit - NV Media
#သတင်းဟင်းလေးအိုးကြီး