ဗဟိုဘဏ်မှ ဒေါ်လာ ၂၄ သန်း ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ ၉၄ သန်းကျော် ထုတ်ရောင်းထား
နိုဝင်ဘာ ၂၁
ဗဟိုဘဏ်မှ ဒေါ်လာ ၂၄ သန်း ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ ၉၄ သန်းကျော် ထုတ်ရောင်းပေးခဲ့ကြောင်း နိုဝင်ဘာလ ၂၀ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ယခုနိုဝင်ဘာလအတွင်း ဗဟိုဘဏ်မှ ဒေါ်လာငါးကြိမ်ထုတ်ရောင်းပေးခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ နိုဝင်ဘာ ၁၆ ရက်တွင် ဒေါ်လာ ၃၅ သန်း၊ နိုဝင်ဘာ ၁၈ ရက်တွင် ဒေါ်လာ ၁၂,၀၀၀ ကျော်၊ နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်လာသန်း ၂၀ နှင့် နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်လာ ၂၄ သန်း ရောင်းချပေးခဲ့သဖြင့် အဆိုပါ ငါးကြိမ်အတွင်း ဒေါ်လာ ၉၄ သန်းကျော် ရောင်းချပေးထားခြင်းဖြစ်သည်။
သွင်းကုန်လုပ်ငန်းရှင်များ နယ်စပ်ကုန်သွယ်မှုတွင် ပိုမိုအဆင်ပြေစေရန်အတွက် ဗဟိုဘဏ်အနေဖြင့် ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့ကိုလည်း ထုတ်ရောင်းပေးခဲ့ရာ ယခုနိုဝင်ဘာလအတွင်း ထိုင်းဘတ် ၂၇၁ သန်းနှင့် တရုတ်ယွမ် ၁၂ သန်းကျော် ရောင်းချပေးခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့် သုံးလကျော်အတွင်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့မှုကို လေ့လာကြည့်ပါက ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၀ ရက်အထိ သုံးလခွဲကျော်တွင် ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၄ သန်းကျော်အထိ ထုတ်ရောင်းပေးထားသည်။
ထို့ပြင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ဒေါ်လာဈေးနှုန်းအား ကျပ် ၁၀,၀၀၀ နှင့် ရွှေဈေးနှုန်းအား ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်နေမှုများရှိသော်လည်း ယနေ့တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ကျပ် ၄၅၀၀ သို့ ပြန်ကျဆင်းခဲ့သလို တစ်ဘတ်ကို ၁၂၉ ကျပ်နှင့် တစ်ယွမ် ၆၂၁ သို့ ကျဆင်းခဲ့ပြီး ယခုရက်ပိုင်းတွင် နိုင်ငံခြားငွေဈေးများ အနည်းငယ်ပြန်ကျဆင်းခဲ့သည်။
#centralnewsnaypyitaw