ရွေးကောက်ခံသမ္မတထရမ့် အစိုးရသစ်အဖွဲ့ဝင် အမည်စာရင်း ဆက်လက်ကြေညာ
နိုဝင်ဘာ ၂၀
ရွေးကောက်ခံ အမေရိကန်သမ္မတ Donald Trump က ပညာရေးဌာနကိုဦးဆောင်ဖို့ Linda McMahon ကို အဆိုပြုရွေးချယ်ကြောင်း နိုဝင်္ဘာ ၂၀၊ အင်္ဂါနေ့နှောင်းပိုင်းမှာ ကြေညာပါတယ်။ McMahon ဟာ Trump ရဲ့ အရင် သမ္မတသက်တမ်းအတွင်း အသေးစားလုပ်ငန်းကြီးကြပ်ရေးဌာန အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးပြီး ကမ္ဘာ့နပန်းပြိုင်ပွဲ ဖျော်ဖြေရေးအစီအစဥ်တွေမှာ ဆယ်စုနှစ်တွေနဲ့ချီ ဦးဆောင် ကူညီဆောင်ခဲ့ရွက်ဖူးပါတယ်။
Linda အနေနဲ့ ဆယ်စုနှစ်တွေနဲ့ချီ ဦးဆောင်ခဲ့တဲ့ အတွေ့အကြုံ၊ ပညာရေးနဲ့ စီးပွားရေးလုပ်ငန်းခွင် ၂ မျိုး လုံးအကြောင်း အသေအချာနားလည်သူဖြစ်တာကြောင့် နောင်မျိုးဆက် အမေရိကန် ကျောင်းသား ကျောင်းသူတွေ၊ လုပ်သားတွေ ပိုပြီးအရည်အသွေးပြည့်ဝသူတွေ ဖြစ်လာပြီး ကမ္ဘာမှာ အမေရိကန် ပညာရေးဟာ နံပါတ် ၁ ဖြစ်လာအောင် ဆောင်ရွက်လိမ့်မယ်လို့ ထရမ့်က ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး ပြည်နယ်အလိုက် ဆုံးဖြတ်လုပ်ကိုင်ခွင့်ပေးဖို့အတွက် လင်ဒါက ဦးဆောင်အကောင်အထည်ဖေါ်မှာဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။
Wall Street က ငွေကြေးရင်းနှီးမြှုပ်နှံသူ Howard Lutnick ကိုလည်း ကုန်သွယ်ရေးဝန်ကြီးခန့်အပ်ဖို့ အင်္ဂါနေ့မှာပဲ အဆိုပြုပါတယ်။ အသက် ၆၃ နှစ်အရွယ် ဘီလျံနာလည်းဖြစ်၊ ထရမ့် အာဏာလွှဲပြောင်း ရေးအဖွဲ့ ပူးတွဲဥက္ကဋ္ဌလည်းဖြစ်သူ Lutnick ဟာ ထရမ့်အစိုးရအဖွဲ့ အဆင့်မြင့်ရာထူးနေရာတွေအတွက် လူတွေ စိစစ်ရွေးချယ်ရာမှာ အဓိက ကူညီဆောင်ရွက်သူလည်း ဖြစ်ပါတယ်။ မကြာခင်လတွေအတွင်း သူဟာ ထရမ့်ကို ထောက်ခံကြောင်း လူသိရှင်ကြား ပြောကြားခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဝါရင့် ရုပ်မြင်သံကြား အစီအစဥ်မှူးတဦးလည်း ဖြစ်တဲ့ Dr. Mehmet Oz ကို ကျန်းမာရေး စောင့်ရှောက်မှုအစီအစဥ် Medicare နဲ့ Medicaid ဌာနကို ဦးဆောင်ဖို့ အဆိုပြုပါတယ်။ ဒီဌာနတွေဟာ အငြိမ်းစား အမေရိကန်တွေနဲ့ ငွေကြေးမပြည့်စုံသူအတွက် ကျန်းမာရေး အာမခံဌာနတွေဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက Dr. Oz ဟာ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ အထက်လွှတ်တော် အမတ်ဝင် အရွေးခံပေမယ့် ထရမ့်ထောက်ခံပေးနေတဲ့ကြားမှာပဲ ရှုံးနိမ့်ခဲ့ဖူးပါတယ်။
📷အမေရိကန်ပညာရေးဝန်ကြီးနေရာအတွက် Linda McMahonရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုထားတဲ့ Linda McMahon
#centralnewsmyanmar
