ပညာရေးအရ အားနည်းသည့်ဒေသများ၌ အကြမ်းဖက်မှုများ၊ ဒုစရိုက်မှုများ ပိုမိုဖြစ်ပေါ်နေသည်ကို တွေ့မြင်ရကြောင်း နစကဥက္ကဋ္ဌပြောဆို

နိုဝင်ဘာ ၂၀

ပညာရေးအရ အားနည်းသည့် ဒေသများ၌ အကြမ်းဖက်မှုများ၊ ဒုစရိုက်မှုများ ပိုမိုဖြစ်ပေါ်နေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုလိုက်ခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ လူတို့၏လုပ်ဆောင်မှုများကြောင့် နိုင်ငံတော်အတွင်း လမ်း၊ တံတားများ၊ စာသင်ကျောင်းများနှင့် အဆောက်အဦများ ကြီးမားစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု အဆောက်အဦများ၊ လမ်းတံတားများကို ဆင်ခြင်တုံတရားမဲ့စွာ မိုက်လုံးကြီးစွာဖြင့် ဖျက်ဆီးလျက်ရှိကြောင်း၊ ၎င်းတို့ ဖျက်ဆီးခဲ့မှု ကြောင့် ပျက်စီးခဲ့ရသည်များကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်နေရသဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ရှေ့သို့မရောက် နိုင်ဖြစ်နေရကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် သုံးစွဲရမည်ငွေကြေးများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲကုန်ကျနေခြင်းသည် နိုင်ငံတော်အတွက် ထိခိုက်နစ်နာစေခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြခြင်းသည် ပြည်ပမှ သွေးထိုးမြှောက်ပင့်ပေးမှုများနှင့် အသိပညာအတတ်ပညာအားနည်းခြင်း၊ ဝေဖန်ပိုင်းခြားနိုင်မှု အားနည်းခြင်းများကြောင့်ပင်ဖြစ်ကြောင်း၊ ပညာရေးအရ အားနည်းသည့် ဒေသများ၌ အကြမ်းဖက်မှုများ၊ ဒုစရိုက်မှုများ ပိုမိုဖြစ်ပေါ်နေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အနာဂတ်တွင်ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ် အေးချမ်းသည့် နိုင်ငံတော်ကို ပုံဖော်ပေးနိုင်ရေး ပညာရေးကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အတန်းပညာရှိမှသာ အတတ်ပညာများရရှိမည်ဖြစ်ပြီး စဉ်းစား တွေးခေါ်မှုများရရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။

တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတစ်ခု၊ ဒေသတစ်ခု၌ ပဋိပက္ခကိုဖြစ်ပေါ်လာအောင် ဖန်တီးသည်မှာ ၎င်းဒေသနှင့် နိုင်ငံတို့တွင်နေထိုင်ကြသူများပင်ဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများ၏ သွေးဆောင် မြှောက်ပင့်မှုများကြောင့်လည်းဖြစ်ကြောင်း၊ အလားတူ ဒေသတစ်ခုဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး အတွက်လည်း ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်ဒေသအတွင်း တည်ငြိမ်အေးချမ်း ရေးနှင့်ဒေသခံများ၏ လုံခြုံရေးကို ဖျက်ဆီးနေသည့် ဒေသတွင်းနေထိုင်သောလက်နက် ကိုင်အဖွဲ့အစည်း များ၏ အကြမ်းဖက်လုပ်ဆောင်မှုများ လျော့ပါးစေရေးအတွက် ကောင်စီဝင်များအနေဖြင့် လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းတားဆီး ဆောင်ရွက်ပေးကြစေလိုကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။

Credit - NV News

#သတင်းဟင်းလေးအိုးကြီး

image