အစ္စရေးနဲ့အပစ်ရပ်ရေး လက်ဘနွန်ဆုံးဖြတ်ချက်မှန်သမျှ ထောက်ခံတယ်လို့ အီရန်အချက်ပြ
နိုဝင်ဘာ ၁၇
အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ လက်ဘနွန်ရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို ထောက်ခံကြောင်း အီရန်အစိုးရ ထိပ်တန်းတာဝန်ရှိသူတယောက် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒါဟာ အစ္စရေးနဲ့ပဋိပက္ခအတွင်း အီရန်မဟာမိတ် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ အပြင်းအထန် တိုက်ခိုက်ခံနေရချိန်မှာ ပဋိပက္ခကို အီရန်က အဆုံးသတ်လိုကြောင်း အချက်ပြလိုက်တာလို့ အကဲခတ်တွေက ဆိုပါတယ်။
အစ္စရေးဟာ ဟဇ်ဘိုလာတို့ ထိန်းချုပ်ထားတဲ့ ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးတွေမှာ မကြာသေးမီက လေးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်ဦးဆောင်တဲ့ သံတမန်ရေးလှုပ်ရှားမှု အရိပ်အယောင်တွေရှိနေစဉ်မှာ ဟဇ်ဘိုလာပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေတာဖြစ်ပါတယ်။
လက်ဘနွန်ဆိုင်ရာ အမေရိကန်သံအမတ်ဟာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆိုပြုချက်မူကြမ်းကို လက်ဘနွန်လွှတ်တော်ဥက္ကဌ နာဘစ်ဘာရီကို ပြီးခဲ့တဲ့နေ့က တင်ပြပေးအပ်ခဲ့တယ်လို့ လက်ဘနွန်အစိုးရ သတင်းရင်းမြစ်နှစ်ယောက်က ပြောပါတယ်။
စေ့စပ်ညှိနှိုင်းမှုတွေအတွက် အမေရိကန်သံအမတ်ဟာ ဟဇ်ဘိုလာအဖွဲ့ကိုထောက်ခံတဲ့ အီရန်ထိပ်တန်းအရာရှိ အလီလာရီဂျာနီနဲ့လည်း မနေ့က တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ မိမိတို့အနေနဲ့ ဘာမှဖျက်ဆီးဖို့ မစဉ်းစားကြောင်းနဲ့ ပြသနာတွေကို ဖြေရှင်းဖို့ အဖြေရှာနေပါတယ်လို့ လာရီဂျာနီက သတင်းစာရှင်းလင်းပွဲတခုမှာ လက်ဘနွန်အရေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။
Ref:Reuters
Photo:Reuters
Credit - VOA
#သတင်းဟင်းလေးအိုးကြီး