စစ်မှုထမ်း ဆင့်ခေါ်ခံရတဲ့ ပြည်ပရောက်လုပ်သားတွေကို အေဂျင်စီတွေက တာဝန်ယူပြီး ပြန်ခေါ်ရမယ်

နိုဝင်ဘာ ၁၃

ပြည်ပရောက် အလုပ်သမားတွေအနေနဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခြင်းခံရပါက မြန်မာနိုင်ငံကို မပျက်မကွက် ပြန်လာပြီး စစ်မှုထမ်းရမယ်လို့ အလုပ်သမားဝန်ကြီးဌာန အသိပေး ကြေညာထားပါတယ်။

အလုပ်ရှင်၊ အလုပ်သမား၊ အေဂျင်စီ သုံးပွင့်ဆိုင် ချုပ်ဆိုရတဲ့ Employment Contract (EC) စာချုပ် သက်တမ်းပြည့်ချိန်မှာ ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ မိခင်နိုင်ငံကို မပျက်မကွက်ပြန်လာပြီး စစ်မှုထမ်းရမှာဖြစ်ကာ အဲဒီအတွက် ပြည်ပကို ပို့ဆောင်ပေးထားတဲ့ သက်ဆိုင်ရာ အေဂျင်စီတွေအနေနဲ့ တာဝန်ယူပြီး ပြန်ခေါ်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

“EC စာချုပ်မှာ အလုပ်သမားဝန်ကြီးဌာနက အချက်အလက် ဖြည့်စွက်ပြီး ပြန်ပြင်ထားတာ။ လွှတ်လိုက်တဲ့ အေဂျင်စီတွေက ဒါကို တာဝန်ယူရမယ်ပေါ့။ စာချုပ်အသစ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အေဂျင်စီရုံးတွေကို ပို့ပေးတာ။ သူတို့ကိုယ်တိုင် မခေါ်ဘဲနဲ့ အေဂျင်စီတွေကို ခေါ်ခိုင်းတာ။ ဒါကို တာဝန်မယူနိုင်ဘူး ဆိုရင်တော့ မိသားစုဆီလွှဲပို့ငွေစာရင်း မတင်ပြနိုင်လို့ အရေးယူခံရသလိုပဲ ကျွန်တော်တို့ အေဂျင်စီတွေအတွက် နောက်ဆက်တွဲ ပြဿနာတွေ၊ အခက်အခဲတွေ ရှိလာနိုင်တယ်” လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အခုပြင်ဆင်လိုက်တဲ့ EC စာချုပ်သက်တမ်းမှာ သုံးနှစ်ဖြစ်ပြီး လက်မှတ်ရေးထိုးတဲ့ နေ့ရက်မှ စတင်ကာ အကျိုးသက်ရောက်မှု ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

“သိတဲ့အတိုင်းပဲ၊ ဟိုဘက်ရောက်သွားတဲ့ အလုပ်သမားတွေကို ပြန်ဆက်သွယ်နိုင်ဖို့ ဆိုတာကလည်း အတော်လေးကိုခက်တယ်လေ။ ဒီကိစ္စကလည်း ကျွန်တော်တို့အတွက် တော်တော့်ကို ဘေးကျပ်နံကျပ် ဖြစ်လာနိုင်တဲ့ ကိစ္စ ဆိုတော့ ရှေ့ဆက် ဒီအလုပ်နဲ့ ရပ်တည်နိုင်ဖို့က မလွယ်လောက်တော့ဘူး” လို့ နောက်ထပ် အေဂျင်စီလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

EC စာချုပ်ဟာ အလုပ်သမားက စာချုပ်ပါအတိုင်း မပြောင်းလဲဘဲ လုပ်ငန်းအတွင်း စာချုပ်သက်တမ်းကုန်တဲ့အထိ ရှိနေရင်တော့ အကျိုးသက်ရောက်မှု ရှိနိုင်ပေမယ့် အလုပ်သမားက အေဂျင်စီကို အသိမပေးဘဲ တခြား လုပ်ငန်းခွင်ကို ပြောင်းရွှေ့သွားရင်တော့ အကျိုးသက်ရောက်မှု မရှိတော့ဘူးလို့ သိရပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရန်နဲ့ စစ်မှုထမ်းဖို့ နိုင်ငံပြန်လာရန် ဆိုပြီး အသစ်ထည့်သွင်းထားတဲ့ စာချုပ်ပါအချက်ဟာ အမျိုးသား၊ အမျိုးသမီး ကန့်သတ်ချက်မရှိဘဲ အားလုံးအတွက် သတ်မှတ် ဖော်ပြထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံရောက် မြန်မာအလုပ်သမားတယောက်က “ကိုယ့်စရိတ်နဲ့ကိုယ် မိသားစုအတွက် ခက်ခက်ခဲခဲ ရုန်းကန်ပြီး ဒီဂျပန်ကို ရောက်လာတာ။ ဒီရောက်လာတော့လည်း အလုပ်အကိုင်မကောင်းလို့၊ နောက်အလုပ်တခုရှာရ၊ နေဖို့နေရာ ထပ်ရှာရနဲ့ ကိုယ်မကျွမ်းကျင်တဲ့ နယ်မြေတခုမှာ မျက်စိသူငယ်၊ နားသူငယ်နဲ့ စိတ်မအေးနိုင်သေးဘူး။ တခုပြီးတခု စိတ်ဒုက္ခတွေ အမျိုးမျိုးပေးနေတာ မပြီးနိုင်တော့ဘူးလားဘဲ မေးချင်တယ်။ အလုပ်အဆင်မပြေတာကျ အေဂျင်စီက ဘာတာဝန်မှ ယူပေးတာမဟုတ်ဘူး” လို့ ပြောပါတယ်။

အခု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်တွင်း၊ ပြည်ပ မည်သည့်နေရာမှာမဆို ရောက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသားမှန်သမျှ စစ်မှုထမ်းဖို့ အကျုံးဝင်တယ်လို့ နစက က ပြောဆိုထားတာပါ။

ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ နိုင်ငံသားတွေ အားလုံးအနေနဲ့ သတ်မှတ်ထားတဲ့ ဥပဒေနဲ့ အကျုံးဝင်ရင် စစ်မှုထမ်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့သားက မိသားစုနဲ့ နှစ်ရှည်လများခွဲပြီး နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေရတယ်။ သူက နိုင်ငံခြားသွားဖို့ကို နဂိုက လုံးဝ စိတ်ကူးရှိခဲ့တဲ့သူမဟုတ်ဘူး။ ဒီမှာ လုပ်ကိုင်ရှာဖွေစားရတာ အဆင်မပြေတော့လို့ မသွားချင်ဘဲသွားရတာ။ အဓိက သွားရတဲ့ ရည်ရွယ်ချက်က မိသားစု အဆင်ပြေအောင်လို့ပေါ့။ အဲဒီလိုသွားဖို့အတွက် ပိုက်ဆံတွေလည်း အများကြီးကုန်ထားရတယ်။ အကြွေးတွေလည်း မကြေသေးဘူး။ အိမ်ပိုင်လေးလည်း ဂရံလေးပေါင်ထားရတာ ပြန်မရွေးရသေးဘူး။ သင်တန်းတွေတက်၊ စာတွေကျက်၊ စာမေးပွဲတွေ၊ လူတွေ့တွေ အဆင့်ဆင့်ဖြေပြီးမှ အချိန်တွေလည်း အများကြီးကုန်ထားပြီးမှ သွားရတာ။ ဒါကိုမှ စစ်မှုထမ်းဖို့ ပြန်ခေါ်ဦးမယ်ဆိုတော့ စာချုပ်ချုပ်ပြီး အလုပ်လာလုပ်ရတဲ့ agent ခ၊ နိုင်ငံခြား ရောက်ဖို့အတွက် ကုန်ထားတဲ့ ကုန်ကျစရိတ်၊ ပေါင်ထားရတဲ့အိမ်၊ အကြွေးတွေ၊ ကုန်ထားတဲ့ အချိန်တွေ၊ လေယာဉ်လက်မှတ်ခ အဲဒါတွေအကုန် တာဝန်ယူပေးမှာလား သိချင်တယ်” လို့ တောင်ကိုရီးယားနိုင်ငံမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတယောက်ရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

လက်ရှိမှာ နစကအနေနဲ့ အေဂျင်စီတွေဆီက ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီ လွှဲပို့ငွေစာရင်း တောင်းယူနေတဲ့အပြင် အလုပ်သမားတွေကိုလည်း မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နှုန်းလွှဲပို့ဖို့ ပျက်ကွက်ရင် ပြည်ပကို အလုပ်နဲ့ထွက်ခွာမှု ကာလကို အကန့်အသတ်နဲ့ ပိတ်ပင်တာ၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးခြင်းမပြုတာ၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မပြုတာ စတာတွေအပြင် လိုအပ်သလို စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် ပြည်ပရောက် မြန်မာတွေအနေနဲ့ လစာရဲ့ ၂ ရာခိုင်နှုန်းကိုလည်း ဝင်ငွေခွန်အဖြစ် ပေးဆောင် ရမယ်လို့ ညွှန်ကြားထားပါသေးတယ်။

Photo:CJ

#centralnewsnaypyitaw

image