မွန်ပြည်နယ်တွင် စပါးအထွက်နှုန်း လျော့ကျ၍ တောင်သူများ အရှုံးပေါ်

နိဝင်ဘာ ၁၃

မွန်ပြည်နယ်တွင် ယခုနှစ် မိုးစပါးပေါ်ချိန်၌ ရာသီဥတုနှင့် စပါးဖျက်ပိုး ကျရောက်၍ စပါးအထွက်နှုန်း အဆမတန် လျော့ကျခြင်းကြောင့် တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရသည်ဟု သိရသည်။

စပါးစိုက်တောင်သူများ စပါးစိုက်ပျိုးချိန်တွင် သွင်းအားစု ကုန်ကျစရိတ် ကြီးမြင့်သည့်အပြင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ ပိုးမွှားကြရောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည့်အပြင် လက်ရှိ စပါးပေါ်ချိန်တွင်လည်း စပါးဈေးကောင်း မရသည့်အတွက် ဆုံးရှုံးမှု ပိုများနေသည်ဟု တောင်သူများက ပြောသည်။

တချို့သော တောင်သူများအနေဖြင့် ပုံမှန်အထွက်နှုန်းထက် ထက်ဝက်ခန့် လျော့ကျမှုများလည်း ရှိနေသည်ဟု မွန်ပြည်နယ် ပေါင်မြို့နယ်မှ စပါးစိုက်တောင်သူ ကိုလွင်အေးက ပြောသည်။

“ကျနော်တို့ မိုးစပါးမှာ ပုံမှန် ဆန်ကြမ်းအုပ်စုနဲ့ ဆန်ပျော့အုပ်စုပေါ့။ ဆန်ပျော့အုပ်စုဆိုတာက ပေါ်ဆန်းမွှေးပေါ့ အဲဒါကတော့ ပုံမှန်ဆို မိုးရာသီမှာ ၅၀၊ ၅၅ တင်း၊ ၆၀ လောက် ထွက်တာပေါ့။ ဆန်မာအုပ်စုဆိုရင်တော့ ၇၀၊ ၈၀၊ ၉၀ လောက် ထွက်တာပေါ့ တစ်ဧကကို။ အခုက ဒီနှစ်မှာ ပိုးမွှားကျတယ်၊ ရောဂါဝင်တဲ့အတွက် ဆန်ပျော့အုပ်စု တွေက တချို့ တစ်ဧကကိုမှ အများဆုံး ၄၀ လောက်ပဲ ရကြတယ်။ ၄၀ ရမယ့် လယ်တောင်မှ နည်းတယ်။ တချို့ဆို ၁ ဧကကို ၂၀ ရတဲ့လယ်တွေတောင် ရှိတယ်။ ဆန်မာအုပ်စုဆိုရင်လည်း ၇၀၊ ၈၀ ထွက်နေတဲ့ လယ်က ဒီနှစ်မှာ ၅၀၊ ၆၀ ထွက်တဲ့ လယ်သမားတွေလည်း ရှိတယ်။ အဲဒါကြောင့်မို့လို့ အထွက်နှုန်းတွေလည်း ကျတဲ့အခါ ဈေးတွေက လည်း တက်မလာဘူး။ ဈေးတွေက ပြန်ကျတယ်။ စပါးမပေါ်ခင် ဖြစ်တဲ့ဈေးနဲ့ အခုဈေးကကျတော့ တောင်သူတွေ အဖို့ အဲဒီလို အခက်အခဲတွေ ရှိလာတယ်” ဟု ပြောသည်။

စပါးဈေးနှုန်းသည် ဆန်ကြမ်းစပါး တင်း ၁၀၀ ကို ကျပ် ၁၇ သိန်း၊ ဆန်ချောစပါး တင်း ၁၀၀ ကို ကျပ် ၂၂ သိန်း အထိ ပေါက်ဈေးရှိနေသော်လည်း စပါးစိုက်ပျိုးစရိတ်သည် လယ်တစ်ဧကလျှင် ကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ်တွင် တစ်ဧကလျှင် စပါး တင်း ၂၀ ခန့်သာ ထွက်ရှိသည့် တောင်သူများ ရှိသောကြောင့် ယင်း တောင်သူများသည် ပို၍ ဆုံးရှုံးမှု ရှိသည်။

စပါးစိုက်တောင်သူ ဦးကြည်ဝင်းက “ဆိုးဆိုးဝါးဝါးလယ်တွေဆိုရင် ၂၀၊ ၂၅ တင်း ဒါက ဆန်ပျော့အုပ်စုပေါ့။ ဆန်မာ အုပ်စုဆိုရင်တော့ ၅၀၊ ၆၀ အဲဒီလောက်ပဲ အများဆုံး ထွက်ကြတော့ တောင်သူတွေမှာ ၂၀၊ ၂၅ ထွက်တဲ့ တောင်သူ တွေကတော့ ရှုံးပြီပေါ့၊ ရှုံးမှာပေါ့။ လယ်တစ်ဧကကို ကုန်ကျစရိတ်က အကုန်လုံး ၁၀ သိန်းလောက် ရှိတယ်။ တစ်ဧကရဲ့ စိုက်ပျိုးစရိတ်ကလေ။ တောင်သူတွေအချင်းချင်းလည်း တွက်နေကြတယ်။ လယ်တစ်ဧက ရဲ့ စိုက်ပျိုး စရိတ်က ရိတ်တဲ့အထိပေါ့ တစ်ဧကကို ၁၀ သိန်းလောက် ရှိတယ်။ တစ်ဧကကို ၁၀ သိန်းလောက် ရှိတယ်ဆိုတော့ တစ်ဧကမှာ စပါး တစ်စီးလောက်ပဲ ထွက်တယ်ဆိုရင် တွက်လို့ရပြီလေ။ ၁၇ သိန်းဈေးပဲထား။ ၁၇ သိန်းမှာ တစ်ဧကမှာ ၂၅ တင်း ထွက်လို့ရှိရင် တွက်ချလို့ရပြိလေ လယ်တစ်ဧကရဲ့ ကုန်ကျစရိတ်က ၁၇ သိန်းလောက် ရှိတယ်” ဟု ပြောသည်။

စပါးအထွက်နှုန်း ကျဆင်းချိန်တွင် စပါးဈေးနှုန်း မကောင်းသည့်အတွက် တောင်သူများမှာ နာလန်မထူနိုင် သည့်အပြင် လာမယ့် နွေစပါးနှင့် မိုးစပါးစိုက်ပျိုးရန်အတွက်လည်း အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်သည်။

တောင်သူအများစုသည် ဘဏ်ကြွေးများနှင့် တခြားသော စိုက်ပျိုးစရိတ် အကြွေးများကို ဆပ်နိုင်ရန်အတွက် စပါးပေါ်ချိန်တွင် ဈေးနှုန်းမကောင်းသော်လည်း ရသည့်ဈေးဖြင့် ရောင်းချကြရပြီး မိုးတွင်းကာလ စပါးဈေးနှုန်း ကောင်းမွန်ချိန်ထိ သိုလှောင်နိုင်သည့် တောင်သူများသာ အကျိုးအမြတ် ရှိသည်ဟု သိရသည်။
သို့သော်လည်း ယင်းကဲ့သို့ သိုလှောင်ထားနိုင်သည့် တောင်သူသည် အနည်းငယ်သာ ရှိသည်။

ပုံ - စပါးများရိတ်သိမ်းနေစဉ်

#centralnewsnaypyitaw

image