တရုတ်နှင့်ရုရှားတို့နှစ်စဉ်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲကျင်းပ
ပေကျင်း၊နိုဝင်ဘာ ၁၂
တရုတ်နှင့်ရုရှားတို့သည် နှစ်နိုင်ငံအကြား နှစ်စဉ်ကျင်းပမြဲဖြစ်သောမဟာဗျူဟာမြောက်လုံခြုံရေးဆွေးနွေးပွဲကို အင်္ဂါနေ့က ပေကျင်း၌ကျင်းပခဲ့ကြပြီး ယခုတစ်ကြိမ်သည် ၁၉ ကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်ဟုလည်းသိရသည်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုအတွင်း မဟာဗျူဟာမြောက်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတကာအခင်းအကျင်း၌ ကြီးမားသည့်ပြောင်းလဲမှုများဖြစ်နေချိန်တွင် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ကူညီပေးရန်သဘောတူညီခဲ့ကြသည်။
ယခုအစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်နိုင်ငံခြားရေးရာဗဟိုကော်မရှင်ဒါရိုက်တာဝမ်ယိနှင့် ရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးလ်ရှိုဂူတို့က ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြသည်ဟုလည်းသိရသည်။
ယခုနှစ်အတွင်း တရုတ် - ရုရှားသံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်အထိမ်းအမှတ်ကိုလည်း မစ္စတာဝမ်ယိကပြောကြားခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ ဦးဆောင်မှုကောင်းများကြောင့် နှစ်ဖက်ဆက်ဆံရေးသည် တည်ငြိမ်ကောင်းမွန်ပြီး ကမ္ဘာ့အရေးများတွင်ပါ ပြောင်းလဲမှုများကိုပူးတွဲဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံသည် ၎င်းတို့၏အကျိုးစီးပွားများအတွက် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် ခိုင်မာစွာထောက်ခံပေးခဲ့ပြီး နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုများကိုလည်းမြှင့်တင်ကာ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများဖြင့် စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို သိသိသာသာမြှင့်တင်နိုင်ခဲ့သည်ဟုလည်းပြောကြားခဲ့သည်။
ရုရှားဘက်ကလည်း ၎င်းတို့အနေဖြင့် နှစ်ဖက်ခေါင်းဆောင်များ ချမှတ်သတ်မှတ်ထားသည့် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ရန် တရုတ်နှင့်ပူးပေါင်းဖို့ စိတ်အားထက်သန်လျက်ရှိကြောင်းလည်းပြောကြားခဲ့သည်။