ထရမ့်အစိုးရ၏ DOGE ဌာကို အီလွန်မတ်စ် ဦးဆောင်ကိုင်တွယ်သွားမည်
ဒေါ်နယ်ထရမ့်အစိုးရက အသစ်ဖွဲ့စည်းသွားမည့် "အစိုးရ စွမ်းဆောင်ရည် ဌာန(Department of Government Efficiency/DOGE)"ကို ဘီလျံနာ အီလွန်မတ်စ်က ဦးဆောင်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အီလွန်မတ်စ်နှင့်အတူ ဗီဗက် ရာမဆွာမိ က ပူးတွဲကိုင်တွယ်မည်ဖြစ်သည်။
အသက် ၃၉ နှစ်အရွယ်ရှိ ဗီဗက် ရာမဆွာမိသည် Roivant Sciences ဆေးကုမ္ပဏီကို တည်ထောင်သူ ပိုင်ရှင် ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှ စတင်၍ ရီပတ်ဘလစ်ကန်ပါတီတွင် နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများကို တက်ကြွစွာပါဝင်ဆောင်ရွက်နေသူ ဘီလျံနာတစ်ဦး ဖြစ်သည်။
"ဒီအံ့သြစရာကောင်းတဲ့အမေရိကန်နိုင်ငံသားနှစ်ယောက်ဟာ အစိုးရဗျူရိုကရေစီယန္တရားပျက်ယွင်းနေတာတွေကို ရှင်းလင်းဖို့၊ မလိုအပ်ပဲ ပိုနေတဲ့ စည်းကမ်းစည်းမျဉ်းတွေကို ပယ်ဖျက်ဖို့၊ မလိုအပ်ပဲ ဖြုန်းတီးနေကြတဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်ပြီး အစိုးရဌာတွေကို ပြန်လည်ဖွဲ့စည်းဖို့ ကျွန်တော့်အုပ်ချုပ်ရေးအတွက် လမ်းခင်းပေးကြမှာပါ" ဟု ထရမ့်က ထုတ်ပြန်ချက်တွင် ဆိုထားသည်။
“အစိုးရပြင်ပမှ အကြံဉာဏ်နှင့် လမ်းညွှန်မှုများကို ပေးဆောင်မည်” ဟူ၍ ထရမ့်ကဆိုထားသည့် DOGE ဌာနသည် မည်သို့လည်ပတ်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။