လာမယ့် နိုဝင်ဘာ(၁၄)ရက်နေ့ ကစားရမယ့် ပါရာဂွေး-အာဂျင်တီးနားပွဲမတိုင်ခင်မှာ ပါရာဂွေးဘောလုံးတာဝန်ရှိသူတွေက ထူးထူးဆန်းဆန်း ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။
ဒီပွဲမှာ ဧည့်သည့်အာဂျင်တီးနားအသင်းအားပေးသူပရိသတ်တွေအနေနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းအကျီ၀တ်ဆင်ရင် ကွင်းထဲဝင်ခွင့်မရှိဘူးလို့ ပါရာဂွေးဘောလုံးအာဏာပိုင်တွေက သတိပေးကြေညာခဲ့တာပါ။
>>>>>
ပါရာဂွေးအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ပါရာဂွေးနိုင်ငံ၊ အဆွန်စီယွန်မြို့က Estadio Defensores del Chaco ကွင်းမှာ ကစားဖို့ရှိနေတာပါ။
အာဂျင်တီးနားပရိသတ်တွေအနေနဲ့ အာဂျင်တီးနားအသင်းအကျီဝတ်ဆင်ခဲ့ရင် ဒီကွင်းထဲကို ၀င်ရောက်ခွင့်မရှိဘဲ ဝင်ပေါက်မှာတင် တာဝန်ရှိသူတွေရဲ့တားဆီးပိတ်ပင်မှုကို ခံရမယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျောနံပါတ်(၁၀)နဲ့ မက်ဆီအမည်ပါအာဂျင်တီးနားအကျီတွေကို ၀တ်ဆင်ပြီး အားပေးတတ်တဲ့ အာဂျင်တီးနားပရိသတ်တွေအနေနဲ့ ဒီထူးထူးခြားခြားကန့်သတ်ချက်ကြောင့် ဒီပွဲမှာ အာဂျင်တီးနားအသင်းအကျီဝတ်ခွင့်ကို ဆုံးရှုံးမှာဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ အာဂျင်တီးနားအသင်းက (၁၀)ပွဲကစားရမှတ် (၂၂)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ပါရာဂွေးအသင်းကတော့ ရမှတ်(၁၃)မှတ်နဲ့ အဆင့်(၆)နေရာကို ရောက်နေပါတယ်။
ပါရာဂွေးဘောလုံးတာဝန်ရှိသူတွေအနေနဲ့ ကွင်းထဲမှာ အာဂျင်တီးနားပရိသတ်တွေလွှမ်းမိုးကြောင်းပြသမှာကို စိုးရိမ်တဲ့အတွက် အာဂျင်တီးနားအသင်းရဲ့မိုးပြာရောင်ဝတ်စုံကို တားမြစ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နှစ်ဖက်ပရိသတ်တွေအကြား အစုလိုက်အပြုံလိုက် ခိုက်ရန်ဖြစ်ပွားမှုမရှိစေဖို့လည်း ဒီလိုတားဆီးမှုက အထောက်အကူပေးလိမ့်မယ်လို့ ဆိုပါတယ်။