ကာကွယ်ရေးဘတ်ဂျက် ၂၀၀ ရာခိုင်နှုန်းအထိ အီရန်မြှင့်တင်သုံးစွဲမည်
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၃
မကြာသေးခင်ကာလတွေအတွင်း အစ္စရေးနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ရာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး နောက် အီရန်အစိုးရဟာ လာမယ့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို သုံးဆမြှင့်တင်ဖို့ စီစဉ်နေပါတယ်။
နိုင်ငံရဲ့ စစ်အသုံးစရိတ်ကို ၂၀၀ ရာခိုင်နှုန်းနီးပါးအထိ သိသိသာသာ တိုးမြှင့်သွားမှာဖြစ်ကြောင်း အစိုးရပြောခွင့် ရပုဂ္ဂိုလ် ဖာတမက်မိုဟက်ဂျရနီက ပြောပါတယ်။
အရင်က အီရန်နိုင်ငံရဲ့ ကာကွယ်ရေးဘတ်ဂျက်ဟာ ဒေါ်လာ ၁၀.၃ ဘီလျံဖြစ်တဲ့အတွက် ဒေါ်လာဘီလျံ ၇၀ သုံးစွဲတဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံနဲ့ ဒေါ်လာဘီလျံ ၄၀ သုံးစွဲတဲ့ တူရကီနိုင်ငံတို့လို ဒေသတွင်းအင်အားကြီး နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ နည်းပါးနေပါတယ်။
အဆိုပြုတင်ပြထားတဲ့ ဒီဘတ်ဂျက်ကို လာမယ့်နှစ်အစောပိုင်းမှာ လွှတ်တော်အမတ်တွေက အပြီးသတ်အတည် ပြုမယ်လို့ မျှော်လင့်ထားပါတယ်။
အီရန်နိုင်ငံမှာ အမြဲတမ်းတပ်ဖွဲ့ဝင် ၆၁၀,၀၀၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ၃၅၀,၀၀၀ ဦး စုစုပေါင်း စစ်အင်အား ၉၆၀,၀၀၀ နီးပါး ရှိပြီး အရှေ့အလယ်ပိုင်းဒေသတွင်း စစ်အင်အားအကြီးမားဆုံးနိုင်ငံတွေထဲမှာပါဝင်ပါတယ်။
အီရန်နိုင်ငံဟာ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဒရုန်းတွေအပါအဝင် ခေတ်မီ လေယာဉ်တွေနဲ့ ဒုံးကျည်နည်း ပညာတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
ဒေသတွင်း တင်းမာမှုတွေမြင့်တက်နေတဲ့ကြားက အီရန်နိုင်ငံဟာ ဧပြီလနဲ့ အောက်တိုဘာလမှာ အစ္စရေးနိုင်ငံ ကို ဒုံးကျည်တွေနဲ့ လေးငါးကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးကလည်း ၎င်းတို့ လေတပ်အခြေစိုက်စခန်းတွကို ချိန်ရွယ်ပစ်ခတ်ခဲ့တဲ့ အီရန်ဒုံးကျည်တွေကို ကြား ဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းက တိုက်ခိုက်ခဲ့ဲတဲ့အတွက် အီရန်က ဧပြီလမှာ အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လက်ဘနွန်မှာရှိတဲ့ ဟစ်ဘိုလာခေါင်းဆောင်တစ်ဦးနဲ့ တီဟီရန်မှာရှိတဲ့ ဟားမတ်စ်ခေါင်းဆောင်တစ်ဦးကို အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့တဲ့အတွက် အောက်တိုဘာလမှာ အီရန်က အစ္စရေးကို နောက်ထပ်တစ်ခေါက် ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလနှောင်းပိုင်းမှာတော့ အစ္စရေးဂျက်တိုက်လေယာဉ်တွေက အီရန်နိုင်ငံထဲက စစ်ရေးပစ်မှတ်တွေ ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဒုံးကျည်စက်ရုံတွေ ထိခိုက်ခဲ့ပြီး အီရန်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။
အောက်တိုဘာလ အစ္စရေး လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံကတော့ အစ္စရေးကို နည်းလမ်း ပေါင်းစုံသုံးပြီး လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ကြေညာထားပါတယ်။
Ref: Iran to Increase Defense Budget By up to 200 Percent
#သတင်းဟင်းလေးအိုးကြီး