အာဏာအပျော့ကို မြှင့်တင်ရန် ထိုင်းသံအမတ်များကို ပေတုန်တန်ပြော

နိုဝင်ဘာ ၁၃

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ကနေဒါ၊ အာဂျင်တီးနား၊ မက္ကဆီကို၊ ဘရာဇီးလ်နှင့် ချီလီနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်များနှင့် အစည်းအဝေး ပြုလုပ်ချိန်အတွင်း ထိုင်း၏ အာဏာအပျော့ (Soft Power) ကို မြှင့်တင်ရန် တိုက်တွန်းခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ကနေဒါ-ထိုင်း တိုက်ရိုက်လေကြောင်း ခရီးစဉ်များအတွက် ကနေဒါ ခရီးသွားများထံမှ တောင်းဆိုမှုများ မြင့်တက် နေကြောင်း ကနေဒါနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် ကလာယာန(Kallayana Vipattipumiprates) က ပေတုန်တန် ကို တင်ပြခဲ့သည်။

တောင်အမေရိကနိုင်ငံများတွင် ထိုင်းရုပ်ရှင်များနှင့် အစားအစာများလည်း ရေပန်းစားနေကြောင်း သံတမန်တစ်ဦး ဖြစ်သည့် ဝိမွန်ပချာရ ရက်ဆကီယက် (Vimonpachara Raksakiat) က ပြောကြားခဲ့သည်။

အမေရိကန်ဆိုင်ရာ ထိုင်းသံအမတ် သူရိယ ဂျင်ဒါဝေါင် (Suriya Jindawong) ကလည်း ထိုင်းစီးပွားရေး လုပ်ငန်း များသည် အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုကြီးမားလာလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။

ထိုင်းနိုင်ငံ၏ အမေရိကန်ဆိုင်ရာ အထူးလုပ်ငန်း တာဝန်များကို ပေတုန်တန်က "ထိုင်း အသင်း" (Team Thailand)ဟု အမည်တပ်ခဲ့ပြီး ထိုင်း၏ စီးပွားရေးကို ခိုင်မာစေရန် နိုင်ငံတကာ မိတ်ဖက်ဆက်ဆံမှုများ တည်ဆောက်ရန် ညွှန်ကြားခဲ့သည်။

ထို့ပြင် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် ပါရမီရှိသည့် ထိုင်းနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံကို ပြန်လာပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို မြှင့်တင်ရန်လည်း ပေတုန်တန်က ပြောကြားခဲ့သည်။

မိမိတို့ အစိုးရအဖွဲ့သည် ဖျော်ဖြေရေးကဏ္ဍ စီးပွားရေး လုပ်ငန်းများကဲ့သို့ နယ်ပယ်ကဏ္ဍများကို ကမ္ဘာအထိ ပျံ့နှံ့စေရန် အာဏာအပျော့ကို ကျင့်သုံးရေး အာရုံစိုက်ထားကြောင်း ပေတုန်တန်က အတည်ပြုခဲ့သည်။

ဆောင်းရာသီသည် ထိုင်းသို့ ခရီးသွားများ အများအပြား လာရောက်သည့် ရာသီဖြစ်သဖြင့် တာဝန်ရှိသူများ အနေဖြင့် ခရီးသွားများ ဝင်ရောက်လာမည့် အခြေအနေအတွက် အသင့်ပြင်ထားရန်လည်း ၎င်းက တိုက်တွန်းခဲ့ သည်။

Source: The Nation

ပုံ - ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image