မကာအိုမှ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာတွင် နည်းပညာကဏ္ဍနှင့် ဆေးဝါးကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံလို
နိုဝင်ဘာ (၁၀) ရက်က မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) နှင့် မကာအို - မြန်မာချစ်ကြည်ရေးအသင်းတို့ UMFCCI တွင် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မကာအို - မြန်မာချစ်ကြည်ရေးအသင်းအနေဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုတို့ကို အဓိကထား ဆောင်ရွက်နေပြီး အသင်းတွင် စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်သဖြင့် IT ကဏ္ဍ၊ ဆေးဝါးကဏ္ဍ မှစ၍ နယ်ပယ်ပေါင်းစုံတွင် ရင်းနှီးမြှုပ်နှံ ပူးပေါင်းဆောင်ရွက်လိုကြောင်း အသင်းဥက္ကဋ္ဌ Mr. Jose Wong ကပြောကြားခဲ့ခြင်း ဖြစ်သည်။
လာမည့်နှစ်သည် မကာအို - တရုတ် ချစ်ကြည်ရေးဆောင်ရွက်မှု (၁၀) နှစ်ပြည့်မည်ဖြစ်ပြီး အဆိုပါ (၁၀) နှစ်ပြည့် အခမ်းအနားကို မကာအိုတွင် ခမ်းနားစွာကျင်းပရန်ရှိသည့်အတွက် မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ဖိတ်ခေါ်ကြောင်းလည်း မကာအို - မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌက ပြောကြားသွားသည်။
လက်ရှိတွင် မကာအို၌ မြန်မာပြည်ဖွား တရုတ် (၁)သိန်း ခန့်အထိရှိနေပြီး မြန်မာမှ အလုပ်လာရောက်လုပ်ကိုင်နေသူ (၅) ထောင်ခန့် နှင့် ကျောင်းလာတက်နေသူ တက္ကသိုလ်ကျောင်းသား (၂၀)ခန့်ရှိကာ ကျောင်းသားများကို ကူညီထောက်ပံ့ပေးနေကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် ထပ်မံ၍ ပညာလာရောက်သင်ကြားလိုသူများကိုလည်း ဖိတ်ခေါ်ကြောင်းနှင့် လိုအပ်သည်များ ကူညီပံ့ပိုးစောင့်ရှောက်ပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်သောအဖွဲ့ဝင်များ မကာအို - မြန်မာ ချစ်ကြည်ရေးအသင်းမှ ဥက္ကဋ္ဌ Mr. Jose Wong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။