နည်းပြလောကထဲ ပြန်ဝင်ရန် အစီအစဉ်မရှိဟု မန်ယူနည်းပြဟောင်းဆိုးလ်ရှား ပြော
နည်းပြလောကထဲကိုပြန်ဝင်ဖို့ အစီအစဉ်မရှိကြောင်း မန်ယူနည်းပြဟောင်း အိုလေဂမ်နာဆိုးလ်ရှားက အတည်ပြုသွားပါတယ်။
နော်ဝေနည်းပြဟာ ၂၀၂၁ ခုနှစ်က မန်ယူနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေတာ သုံးနှစ်ခန့်ကြာမြင့်နေတာပါ။
ဆိုးလ်ရှားဟာ လက်ရှိအချိန်မှာတော့ မွေးရပ်မြေနော်ဝေနိုင်ငံက ခရစ္စတီယန်ဆန် ကျွန်းငယ်တခုပေါ်မှာ နေအိမ်ဆောက်လုပ်နေပြီး ဘောလုံးအသင်းတသင်းကို နည်းပြဖို့ အစီအစဉ်မရှိကြောင်း ပြောပါတယ်။
မိမိဖြစ်ချင်တဲ့အတိုင်း အကောင်းဆုံးရွေးချယ်လုပ်ဆောင်ခဲ့တာက ကံကောင်းမှုတခု ဖြစ်ပြီး ငွေရေးကြေးရေး အရလည်း ဘာတခုမှ မလိုအပ်ကြောင်း ဆိုးလ်ရှားက ပြောပါတယ်။
လက်ရှိအခြေအနေအပေါ် ပျော်ရွှင်ကျေနပ်မှုရှိပြီး နော်ဝေနိုင်ငံတဝန်းဆီ အပန်းဖြေခရီးထွက်ဖို့ရှိကြောင်း ဆိုးလ်ရှားက ပြောပါတယ်။
တချိန်မှာ နိုင်ငံအသင်းနည်းပြရာထူးက ကိုက်ညီမှုရှိနိုင်ပေမဲ့ နော်ဝေအသင်းကို လက်ရှိနည်းပြ ဆိုလ်ဘက်ကမ် အကောင်းဆုံးကိုင်တွယ်နေတယ်လို့ ဆိုးလ်ရှားက ပြောသွားပါတယ်။
Photo: Reuters
DVB