ငြိမ်းချမ်းရေးရဖို့ အတူပေါင်းစည်း လုပ်ရမည်ဟု ယူကရိန်းသမ္မတပြော

နိုဝင်ဘာ ၁၂၊ နိုင်ငံတကာ။

ယူကရိန်းတွင် ရုရှားနှင့် ဖြစ်ပွားနေသည့်စစ်ပွဲ အဆုံးသတ်ရန်အပြင် အနာဂတ်တွင် ထိုကဲ့သို့ ပဋိပက္ခ ထပ်မံ မဖြစ်ပွား စေရေးအတွက် အင်အားနှင့် သံတမန်နည်းလမ်းတို့ အတူတကွ ပေါင်းစည်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelensky)က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

"သံတမန်ရေးရာမှာ အင်အားမရှိရင် အလားအလာ မရှိဘူးဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း နားလည်ထား ပါတယ်"ဟု ဇာလန်းစကီးက ဗွီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

"ဒါပေမဲ့ သံတမန်ရေးရာ ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်း သဘောမပေါက် ဘူးဆိုရင်လည်း လက်နက် တစ်ခုတည်းကပဲ အလုပ်မဖြစ်ပါဘူး။ အဲဒါကြောင့် အင်အားနဲ့ သံတမန်နည်းလမ်းကို အတူပေါင်းစည်း လုပ်ဆောင် ရမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ထိုမှသာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲသည့်ပုံစံမျိုး ထပ်မံ မဖြစ်ပွားစေဘဲ ငြိမ်းချမ်းရေးတည်မြဲပြီး စစ်ပွဲဖြစ်ပွားမှုများမှ ကာကွယ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ဇာလန်းစကီးက ယူကရိန်းကို လက်နက်များ ထောက်ပံ့ပေးရန်အပြင် ငြိမ်းချမ်းရေးအတွက် ရုရှားသမ္မတ ပူတင် (Vladimir Putin)ကို ဖိအားပေးရန် အမေရိကန်နှင့် ၎င်း၏ နေတိုးမဟာမိတ်များကို တိုက်တွန်းပြောကြားခဲ့သည်။

ယူကရိန်းသည် ရိုးသားသော သံခင်းတမန်ခင်းကိုသာ ဖွင့်လှစ်ထားကြောင်း ဇာလန်းစကီးက ထပ်မံပြောကြားခဲ့ သည်။

ယူကရိန်းက ရုရှားနယ်မြေအတွင်းသို့ ထိုးစစ်ဆင်ရန်နှင့် မော်စကို၏ စစ်ပွဲအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံများ အားနည်းသွားစေရန်အတွက် အနောက်နိုင်ငံများ၏ တာဝေးပစ် လက်နက်များ အသုံးပြုမှုကို ထောက်ပံ့ကူညီပေးရန် ၎င်း၏မဟာမိတ်များအား တိုက်တွန်းပြောကြားခဲ့သည်။

အမေရိကန်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)သည် ယူကရိန်း လိုလာသော ဒီမိုကရက်တစ်ပြိုင်ဘက် ကာမယ်လာဟားရစ်(Kamala Harris) ကို အနိုင်ရရှိခဲ့ပြီးနောက် ဇာလန်းစကီးက သံတမန်အင်အား ပိုမိုအားကောင်း ခိုင်မာလာစေရန် တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထရမ့်က မဲဆွယ်စည်းရုံး လှုပ်ရှားမှုအတွင်း ၎င်းအနေဖြင့် ယူကရိန်းတွင် ဖြစ်ပွားနေသော စစ်ပွဲကို အဆိုးသတ် နိုင်ရသည်ဟု ထပ်တလဲလဲ ပြောကြားခဲ့သော်လည်း မည်သည့် နည်းလမ်းဖြင့် အဆုံးသတ်မည့်အကြောင်းကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။

Source: ရိုက်တာ

ပုံ - ဇာလန်းစကီးကို တွေ့ရစဉ်

#centralnewsnaypyitaw

image