1 w - Translate

အင်ဒို-ရုရှားရေတပ်များအကြမ်းဖက်တန်ပြန်ရေးပူးတွဲစစ်ရေးလေ့ကျင့်

ဂျာဗားပင်လယ်ရေပြင်တွင် နှစ်နိုင်ငံအကြား ပထမဆုံး ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်ခဲ့သော ရုရှားနှင့် အင်ဒိုနီးရှား စစ်သင်္ဘောများသည် အကြမ်းဖက်သမားများ လက်တွင်းရောက် သင်္ဘောတစ်စီးကို လွတ်မြောက်စေခြင်းနှင့် လူလိုက်ပါခြင်းမရှိသော ရေယာဉ်များကို တိုက်ခိုက်သည့် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည်ဟု ရုရှားနိုင်ငံပိုင် အာရ်အိုင်အေ သတင်းဌာနက တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။

ကာကွယ်ရေးပိုင်းတွင် ရုရှားနိုင်ငံနှင့် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဟု သမ္မတသစ် ပရာဘိုဝို ဆူဘီယန်တို က ကတိပြုခဲ့သည့်သီတင်းပတ်တွင် ပင်အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။

ပူးတွဲရေတပ်သင်္ဘောစုတွင် ပါဝင်သော သင်္ဘောသားများသည် ကျွမ်းကျင်စွာ ခုတ်မောင်းလှုပ်ရှားခြင်းနှင့် သတင်းအချက်အလက်ဆက်သွယ်ခြင်း လေ့ကျင့်မှုများအပြင် သံသယရှိသောသင်္ဘောများကို စစ်ဆေးမှု လေ့ကျင့်ခန်းများကိုလည်း ဆောင်ရွက်ခဲ့သည်ဟု ရုရှား၏ ပစိဖိတ်ရေတပ်ဖွဲ့၏ သတင်းထုတ်ပြန်ရေးဌာကို ကိုးကား၍ အာရ်အိုင်အေ က ဖော်ပြခဲ့သည်။

ထို့အပြင် လူလိုက်ပါခြင်းမရှိသော ရေယာဉ်များကို အော်တိုမက်တစ် အမြောက်များ၊ လက်နက်ငယ်များဖြင့် တန်ပြန် ပစ်ခတ်တိုက်ခိုက်သည့် လေ့ကျင့်မှုကိုလည်း လုပ်ဆောင်ခဲ့သကဲ့သို့ သင်္ဘောကုန်းပတ်ပေါ်ရှိ ရဟတ်ယာဉ်များကိုလည်း ပူးတွဲလေ့ကျင့်မှုများတွင် အသုံးပြုခဲ့သည်ဟု အာရ်အိုင်အေကဆိုသည်။

စစ်ရေးလေ့ကျင့်မှုအတွင်း ရုရှားဘက်မှ corvette အမျိုးအစား စစ်သင်္ဘောများဖြစ်သည့် Gromkiy၊ Rezkiy၊ Hero of Russian Federation Aldar Tsydenzhapov နှင့် အလတ်စား ရေနံတင်သင်္ဘော Pechenga တို့ ပါဝင်ခဲ့သည်။

ထို့အတူ အင်ဒိုနီးရှားဘက်မှ ဖရီးဂိတ်သင်္ဘော I Gusti Ngurah Rai နှင့် corvette အမျိုးအစား Frans Kaisiepo တို့ပါဝင်ခဲ့သည်ဟု RIA က ဖော်ပြခဲ့သည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် ပရာဘိုဝို၏ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲနှင့် အင်အားကြီးနိုင်ငံများနှင့် ဂျကာတာ၏ မဟာမိတ်ပြုမှုကို မြှင့်တင်မည်ဆိုသည့် ကတိကဝတ်ကို စတင်အကောင်အထည်ဖော်လိုက်သည့် အချက်ပြမှုအဖြစ် လေ့လာသူများက သုံးသပ်ခဲ့သည်။

image