ဒေါ်နယ်ထရန့်နှင့် ပူတင် ဖုန်းဖြင့် ဆက်သွယ်ပြောဆို
အမေရိကန်ပြည်ထောင်စု၏ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် စကားပြောဆိုခဲ့ပြီး ယူကရိန်းစစ်ပွဲကို အရှိန်မမြှင့်ရန် ပူတင်ကို အကြံပြုခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ရိုက်တာကို နိုဝင်ဘာ ၁၀ ရက်တွင် ပြောဆိုခဲ့သည်။ တစ်ဖက်တွင် သမ္မတဂျိုးဘိုင်ဒင်က ကိဗ်ကို ပစ်ပယ်မထားရန် ထရန့်ကို တိုက်တွန်းသွားရေး စီစဉ်နေသည်ဟု ဆိုသည်။
မကြာခင်ရက်ပိုင်းအတွင်းက ထရမ့်ပ်နှင့် ပူတင်တို့ စကားပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောဆိုသည်။
ထရမ့်ပ်သည် နိုဝင်ဘာ ၆ ရက်တွင် ယူကရိန်းသမ္မတ ဇလန်းစကီးနှင့်လည်း စကားပြောဆိုထားသည်။
ကိဗ်အတွက် အမေရိက၏ စစ်ရေးနှင့် ဘဏ္ဍာရေး ပံ့ပိုးနေမှု အတိုင်းအတာကို ထရမ့်ပ်က ဝေဖန်ထားခဲ့ပြီး စစ်ပွဲကို အမြန်ရပ်တန့်အောင်လုပ်မည်ဟု သူက ကတိပြုခဲ့သော်လည်း မည်သို့ မည်ပုံလုပ်ဆောင်မည်ကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။
ထရမ့်ပ်နှင့် ပူတင်တို့အကြား ဖုန်းဆက်သွယ်ပြောဆိုခြင်းကို အသိပေးအကြောင်းကြားခြင်း မရှိကြောင်းနှင့် ယင်းကိစ္စကို ထောက်ခံခြင်း သို့မဟုတ် ကန့်ကွက်ခြင်းမျိုး မပြုနိုင်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
ဝါရှင်တန်ပို့စ် သတင်းဌာနက ပထမဆုံး သတင်းဖော်ပြခဲ့သည့် ဖုန်းဆက်သွယ်ပြောဆိုမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ၌ ထရမ့်ပ်၏ ဆက်သွယ်ရေး ဒါရိုက်တာ မစ္စတာ စတီဗင်ချမ်းက “ထရမ့်ပ်နဲ့ ကမ္ဘာ့ခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေး ဖုန်းခေါ်ဆိုမှုတွေကို ကျွန်တော်တို့ မှတ်ချက်ပေးမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
ယင်းသတင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ဝါရှင်တန်ရှိ ရုရှားသံရုံးက လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။
နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲတွင် ဒုတိယသမ္မတ ကမ်မလာဟဲရစ်ကို အနိုင်ရခဲ့သော ရီပတ်ဘလီကန် ထရမ့်ပ်သည် ဇန်နဝါရီ ၂၀ တွင် သမ္မတတာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ထရမ့်ကို နိုဝင်ဘာ ၁၃ ရက်တွင် ဘဲဥပုံရုံးခန်းသို့ လာရောက်ရန် မစ္စတာ ဘိုင်ဒင်က ဖိတ်ခေါ်ထားသည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။