9 w - Translate

"Trump အစိုးရသစ်အောက် လူဝင်မှုကြီးကြပ်ရေး မျှော်မှန်းချက်များ"

VOA :

ရွေးကောက်ခံသမ္မတ Donald Trump ဟာ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ လူဝင်မှုကြီးကြပ်ရေးကို အဓိကအနေနဲ့ထားပြီး၊ တောင်ပိုင်းနယ်စပ်မှာ သူ့အခေါ် "မကြုံစဖူးအမိန့်" တစ်ခုကို အကောင်အထည်ဖော်သွားမယ်လို့ ကတိပြုထားပါတယ်။ သူသမ္မတရာထူး စတင်တာဝန်ယူတဲ့နေ့မှာပဲ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အကြီးမားဆုံး နိုင်ငံထဲကနှင်ထုတ်ရေး လုပ်ငန်းစဉ်ကို စတင်မယ်လို့လည်း ကတိပေးထားပါတယ်။

သူ့ရဲ့မဲဆွယ်စည်းရုံးရေးတလျှောက်လုံးမှာ Trump က လူဝင်မှုကြီးကြပ်ရေးကို အကြပ်အတည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုတွေကို ထိန်းချုပ်ဖို့နဲ့ နောက်ထပ်ရောက်လာမယ့်သူတွေကို ကန့်သတ်ဖို့ အငြင်းပွားဖွယ် မူဝါဒတွေကို အမြန်ဆုံး အကောင်အထည်ဖော်မယ်လို့ ကတိပြုခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက် အင်္ဂါနေ့ည ဖလော်ရီဒါပြည်နယ်မှာ အနိုင်ရမိန့်ခွန်းပြောကြားရာမှာ Trump က "ကျွန်တော်တို့ နယ်စပ်တွေကို ပြန်ပြင်မယ်။ လူတွေပြန်လာစေချင်ပါတယ်။ ဒါပေမယ့် သူတို့ တရားဝင်နည်းလမ်းနဲ့တော့ ပြန်လာရမယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် လူသန်းပေါင်းများစွာ ပြန်လည်ဝင်ရောက်ခွင့်ရရေး စီမံခန့်ခွဲဖို့က ကြီးမားတဲ့ဥပဒေရေးရာနဲ့ လက်တွေ့ဆောင်ရွက်ရေး စိန်ခေါ်မှုတွေ ရှိနေပါတယ်။

ဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ Hebrew Immigrant Aid Society အဖွဲ့အစည်းရဲ့ အမှုဆောင်အရာရှိချုပ် Mark Hetfield က "တန်းစီပြီး စောင့်ဝင်ရမယ်ဆိုတဲ့ ယုံကြည်မှုရှိနေပေမယ့် အများအားဖြင့် တန်းစီစရာ နေရာမရှိပါဘူး" လို့ VOA ကို ပြောပါတယ်။

Migration Policy Institute (လူဝင်မှုကြီးကြပ်ရေးရာမူဝါဒတွေစောင့်ကြည့်လေ့လာတဲ့အဖွဲ့) ရဲ့ အစီရင်ခံစာကလည်း ဒီအချက်ကို ထောက်ပြထားပြီး၊ အမြဲတမ်းနေထိုင်ခွင့် (ဂရင်းကဒ်) အတွက် စောင့်ဆိုင်းရတဲ့ အချိန်ကာလကို သတ်မှတ်တဲ့ ဗီဇာလမ်းကြောင်းအမျိုးမျိုး ရှိပြီး၊ တစ်ခုချင်းစီမှာ မတူညီတဲ့ အချိန်ကြန့်ကြာမှုတွေနဲ့ စောင့်ဆိုင်းချိန်တွေ ရှိနေပါတယ်။

နှစ်စဉ်ကန့်သတ်ချက်တွေနဲ့ နိုင်ငံအလိုက် ခွဲတမ်းတွေကြောင့် ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေပြီး၊ လျှောက်ထားသူအချို့ဟာ ဆယ်စုနှစ်တွေကြာတဲ့အထိ စောင့်ဆိုင်းနေရပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူအများစုဟာ တင်းကြပ်တဲ့ ပြန်လည်ဝင်ရောက်ခွင့် မူဝါဒတွေကြောင့် တန်းစီစောင့်ဆိုင်းပြီး ဝင်ရောက်နိုင်မယ့် အခွင့်အလန်းမရှိပါဘူး။

၁၉၉၆ ခုနှစ် တရားမဝင်လူဝင်မှုကြီးကြပ်ရေးပြုပြင်မှုနဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ တာဝန်ယူမှုအက်ဥပဒေအရ၊ အမေရိကန်မှာ "တရားမဝင်နေထိုင်မှု" သမိုင်းကြောင်းရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပြန်လည်ဝင်ရောက်မှုကို ပိတ်ပင်ထားပါတယ်။ သူတို့ထွက်ခွာသွားပြီး တရားဝင်ပြန်လည်ဝင်ရောက်လိုရင်၊ ရက် ၁၈၀ ထက်ပိုပြီး တစ်နှစ်အောက် တရားမဝင်နေထိုင်ခဲ့သူတွေဟာ သုံးနှစ်ကြာ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ခံရမှာဖြစ်ပြီး၊ တစ်နှစ်ထက်ပိုပြီး တရားမဝင်နေထိုင်ခဲ့သူတွေဟာ ၁၀ နှစ်ကြာ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

တရားမဝင်နေထိုင်မှုဆိုတာ ယေဘုယျအားဖြင့် ခွင့်ပြုကာလထက်ကျော်လွန်နေထိုင်ခြင်း သို့မဟုတ် စစ်ဆေးမှုမရှိဘဲ ဝင်ရောက်ခြင်းတို့ ပါဝင်ပါတယ်။


အမေရိကန်သမိုင်းမှာ နိုင်ငံထဲကနှင်ထုတ်ရေး အကြီးမားဆုံးလှုပ်ရှားမှု

Trump က ဒီတကြိမ် အစိုးရသက်တမ်းမှာ သူ့ရဲ့ပထမသမ္မတသက်တမ်းအတွင်း ပြည်နှင်ဒဏ်ပေးခဲ့တဲ့အရေအတွက်ထက် ကျော်အောင်လုပ်သွားမယ်လို့ ကတိပြုထားပါတယ်။

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးဖို့ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ (National Guard) ကို အသုံးပြုဖို့ အစီအစဉ်နဲ့အတူ၊ Trump က အမေရိကန်ပြည်ထောင်စုကို ရန်လိုတယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေက နိုင်ငံသားမဟုတ်သူတွေကို နိုင်ထုတ်ခွင့်ပေးထားတဲ့ ၁၈ ရာစုက Alien Enemies Act ကိုလည်း ကိုးကားထားပါတယ်။

Trump က အထောက်အထားမဲ့ နေထိုင်တဲ့ လူဦးရေကို သိသိသာသာလျှော့ချဖို့ ရည်ရွယ်ထားပြီး၊ သူ့ရဲ့ထောက်ခံသူတွေက ဒါဟာ နိုင်ငံကိုပြန်လည်ထိန်းသိမ်းဖို့ တည်ဆောက်ရေးအတွက် ခြေလှမ်းတစ်ရပ်လို့ မြင်ကြပေမယ့်၊ ဆန့်ကျင်သူတွေကတော့ ဥပဒေရေးရာနဲ့ လက်တွေ့ဆောင်ရွက်ရေးမှာ အခက်အခဲတွေ ဖြစ်လာမယ်လို့ ထောက်ပြနေကြပါတယ်။

American Immigration Council ရဲ့ အမှုဆောင်ဒါရိုက်တာ Jeremy Robbins က VOA ကို အီးမေးလ်ပို့ရာမှာ သမ္မတတစ်ယောက်က အစုလိုက်အပြုံလိုက် နိုင်ငံထဲကနှင်ထုတ်ရေးကို လုပ်ဆောင်မယ်ဆိုရင် အစိုးရအတွက် ကြီးမားတဲ့ကုန်ကျစရိတ်တွေ ဖြစ်လာမယ့်အပြင် စီးပွားရေးကိုလည်း ထိခိုက်စေမယ်လို့ ရေးသားခဲ့ပါတယ်။

"မူဝါဒချမှတ်သူတွေနဲ့ အမေရိကန်ပြည်သူတွေအနေနဲ့ ဒါဟာ ဘာတွေပါဝင်မယ်ဆိုတာ နားလည်ဖို့ အရေးကြီးပါတယ် - အခွန်ထမ်းငွေ ဘီလီယံပေါင်းများစွာ၊ လက်ရှိအခက်အခဲဖြစ်နေတဲ့ လုပ်ငန်းကဏ္ဍတွေ ထိခိုက်ပျက်စီးမှု၊ လူသန်းပေါင်းများစွာ ထိန်းသိမ်းခံရမှု၊ မိသားစုထောင်ပေါင်းများစွာ ကွဲကွာရမှုတွေကြောင့် တနိုင်ငံလုံးက လူ့အသိုင်းအဝိုင်းတွေမှာ ကျယ်ပြန့်တဲ့ ကြောက်ရွံ့မှုနဲ့ ဝရုန်းသုန်းကား အခြေအနေတွေ ပေါ်ပေါက်လိ့မ်မယ်" လို့ Robbins က ရေးသားခဲ့ပါတယ်။