ကိုးရီးယားရောက် မြန်မာများအနေဖြင့် တရားမဝင်နည်းလမ်းဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းမတိုးရန် မြန်မာသံရုံး ကြေညာ
ကိုရီးယားရောက် မြန်မာများအနေဖြင့် သက်တမ်းကုန်သွားသည့် နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)စာအုပ်များကို တရားမဝင်သည့် တံဆိပ်တုံးများဖြင့် သက်တမ်းတိုးနေပါက ကိုရီးယားနိုင်ငံ၏ တရားဥပဒေနှင့် အရေးယူခံရနိုင်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်အသိပေးထားသည်။
ထုတ်ပြန်ချက်၌ အချို့သော မြန်မာနိုင်ငံသားများ အနေဖြင့် ၎င်းတို့၏ မြန်မာနိုင်ငံကူးလက်မှတ်များကို တရားမဝင် တံဆိပ်တုန်း အတူအပဖြင့် သက်တမ်းတိုးခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည့်အတွက် မြန်မာသံရုံးအနေဖြင့် အဆိုပါနိုင်ငံကူးလက်မှတ်များကို ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းခြင်းတို့ ဆောင်ရွက်နေသည်ဟု ဆိုသည်။
ထို့ပြင် ဆက်လက်အရေးယူနိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၏ သက်ဆိုင်ရာဝန်ကြီးဌာနအဆင့် အပါအဝင် နယ်မြေခံအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။