ရှုံးပွဲမရှိစံချိိန်ဖြင့် ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်ခဲ့သည့် ISPE FC အမျိုးသမီးအသင်း
Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ချန်ပီယံဆုဖလားကို ISPE FC အမျိုးသမီးအသင်းက ယနေ့ နိုဝင်ဘာ ၉ ရက်ညနေပိုင်းက ရာသီပိတ်နောက်ဆုံးပွဲစဥ်အဖြစ် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် သုဝဏ္ဏဘောလုံးကွင်း၌ ယှဥ်ပြိုင်ကစားကာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်ဖြင့်ရရှိခဲ့သည်။
ISPE FC အမျိုးသမီးအသင်းသည် ချန်ပီယံဖ လားအား ရမှတ်(၄၈)မှတ်ဖြင့်ရရှိခဲ့ခြင်းဖြစ်ပြီး ယခု အကြိမ်သည် တတိယအကြိမ်မြောက်အ ဖြစ်ရရှိခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ရမှတ်(၄၀)ဖြင့် ဒုတိယ၊ ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းက ရမှတ်(၂၇) ဖြင့် တတိယရရှိခဲ့သည်။
ထို့ပြင် ISPE FC အမျိုးသမီးအသင်းမှ လင်းမြင့်မိုရ်သည် သွင်းဂိုး(၁၉)ဂိုးဖြင့် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းမှ စန်းသော်သော်နှင့်အတူ ပူးတွဲဂိုးသွင်းအများဆုံးဖြစ်ခဲ့ပြီး ဆုငွေ(၅)သိန်းကျပ်နှင့်အထိမ်းအမှတ်ဆုတံဆိပ်ရရှိခဲ့သည်။
ထို့အတူ ယနေ့ပြိုင်ပွဲ၏ AYA Pay Woman of the Match အကောင်းဆုံးကစားသမားဆုကိုလည်း ISPE အမျိုးသမီးအသင်း၏ တိုက်စစ်မှူးရွှေရည်ထွန်းကရရှိခဲ့သည်။
ပြိုင်ပွဲအပြီး၌ဆုပေးပွဲကျင်းပရာ ချန်ပီယံဆုရရှိသည့် ISPE FC အမျိုးသမီးအသင်းအား မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌဒေါက်တာဒေါ်ခင်စောဦးက တစ်ဦးချင်းရွှေတံဆိပ်ဆုများ၊ ချန် ပီယံဆုကြေးငွေကျပ်သိန်း ၂၀၀ အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာအမျိုးသမီးဘောလုံးကော်မတီဥက္ကဋ္ဌဒေါ်ခင်စပါယ်ကြည်တို့က ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်က ISPE FC အမျိုးသမီးအသင်းအား Undefeated Champions ဆုဖလား ၊ အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်း ဒု-ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ချန်ပီယံဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
