ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့ရသည့် ဆောင်းသီးနှံများ အချိန်မီ ပြန်လည်စိုက်ပျိုးသွားမည်
မန္တလေးတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့ရသည့် ဆောင်းသီးနှံများ အချိန်မီ ပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင် ယာဂီမုန်တိုင်းအရှိန်ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး ဧက တစ်သိန်းကျော် ပျက်စီးခဲ့ကြောင်း သိရသည်။
" အခုတော့ တဖြည်းဖြည်းနဲ့ ရေမြုပ်ထားတဲ့ ဧကတွေတော့ ပြန်ပေါ်လာပြီ။ ဆောင်းသီးနှံတွေကို ပြန်ပြီး စိုက်ပျိုးသွားမယ်။ အဓိက ကုလားပဲပေါ့။အခုလိုအပ်တဲ့ မျိုးစေ့တွေကိုလည်း တောင်သူတွေကို အခမဲ့ဖြန့်ဝေပေးထားတယ်" ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံဖြစ်သည့် ပဲမျိုးစုံကို အဓိကစိုက်ပျိုးပြီး ဆောင်းသီးနှံဖြစ်သည့် ကုလားပဲကို ဧက သုံးသောင်းခွဲကို ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊မြစ်သားနှင့် ဝမ်းတွင်းမြို့တို့တွင် အဓိကစိုက်ပျိုးသွားမည်ဖြစ် ကြောင်း သိရသည်။
နေပြည်တော် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧက (၇၉၃,ဝ ဝဝ) ပျက်စီးခဲ့သလို အခြားသီးနှံ စိုက်ဧက (၇၃,၄၂၄) ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။