စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို စိတ်ရှည်ရန် ရှီကျင့်ဖျင် ပြော
နိုဝင်ဘာ ၆၊ နိုင်ငံတကာ။
စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၏ အရှိန်အဟုန်နှင့်ပတ်သက်ပြီး စိတ်ရှည်ရှည်ထားကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က ပြည်နယ်ဆိုင်ရာ ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထို့ပြင် ပြဿနာများကို ဖြေရှင်းရာတွင်လည်း အလျင်စလို လုပ်ဆောင်ခြင်းမပြုရန် ရှီက သတိပေးခဲ့သည်ဟု အာဏာရ ကွန်မြူနစ်ပါတီ၏ People’s Daily သတင်းစာက ဖော်ပြခဲ့သည်။
နိုင်ငံတော်အဆင့် စျေးကွက်ကို တိုးတက်ကောင်းမွန်စေရန် သက်ဆိုင်ရာပြည်နယ် တစ်ခုချင်းစီအလိုက် ရင်းနှီး မြှုပ်နှံမှုများအတွက် အဟန့်အတားများအား ဖယ်ရှားရန်လည်း ရှီက တိုက်တွန်းခဲ့သည်။
ပြုပြင်ပြောင်းလဲမှုသည် တစ်ဆင့်ချင်းစီ ပြုလုပ်ရသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ချက်ချင်း အောင်မြင်လိမ့်မည် မဟုတ် ကြောင်း ရှီက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြုလုပ်ခဲ့သည့် အာဏာရပါတီ၏ စီးပွားရေးဦးတည်ချက်ဆိုင်ရာ အစည်းအဝေးတွင် အရာရှိများကို ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အတွင်း ဒေသန္တရအစိုးရ၏ ကြွေးမြီသဘောတူညီချက် ဥပဒေမူကြမ်း ထုတ်ပြန်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးနှင့် ကာလတို စီးပွားရေး ထိခိုက်နစ်နာမှုများအား ဖြေရှင်းမည့် ဘဏ္ဍာရေး မူဝါဒ အစီအစဉ်များကို ဆွေးနွေးခဲ့သည့် ထိုအစည်းအဝေးကို စီးပွားရေးလုပ်ငန်းရှင်များက အနီးကပ် စောင့်ကြည့်ခဲ့ကြ သည်။
People’s Daily သတင်းစာတွင်မူ အစည်းအဝေးကို တက်ရောက်ခဲ့သည့် အရာရှိများအား ပြောကြားခဲ့သည့် ရှီ၏ မိန့်ခွန်းအကျဉ်းချုပ်ကို ဖော်ပြခဲ့သလို ရှီ၏ မိန့်ခွန်းအပေါ် အခြေခံသည့် အတွေးအမြင်ကဏ္ဍကိုလည်း ဖော်ပြခဲ့ သည်။
တရုတ်အစိုးရသည် ရုန်းကန်နေရသည့် စီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်ထားသော ဘဏ္ဍာရေး လှုံ့ဆော်မှု အစီအစဉ်သစ်များအား ထုတ်ပြန်ရန် မျှော်မှန်းထားချိန်တွင် တရုတ်သမ္မတရှီ၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ ခြင်းဖြစ်သည်။
အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်ချက်တွင် တရုတ်၏ တတိယ သုံးလပတ်ကာလ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းသည် ၄ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ပြီး ထိုနှုန်းထားအရ ပြီးခဲ့သည့်နှစ် အစောပိုင်းမှစပြီး အနိမ့်ဆုံးနှုန်းထား ဖြစ်ခဲ့ သည်။
ထို့ကြောင့် ယခုနှစ်အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်းအထိ ရှိစေရန် မျှော်မှန်းထားသည့် ခန့်မှန်းနှုန်းထား ပြည့်မီနိုင်ခြေ ရှိ/မရှိ စိုးရိမ်စိတ်များ ထွက်ပေါ်ခဲ့သည်။
Source: South China Morning Post
ပုံ - တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
Credit - Central News Independence
#သတင်းဟင်းလေးအိုးကြီး