နစကဥက္ကဋ္ဌနှင့် ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူးတို့တွေ့ဆုံ၊ နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်ကိစ္စများဆွေးနွေး

နိုဝင်ဘာ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning နှင့် ယမန်နေ့ညနေပိုင်းတွင် ကူမင်းမြို့ရှိ Haigeng Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူးက ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်နေမှုအခြေအနေများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား သံတမန်ရေးအရ၊ စီးပွားရေးအရ ကူးလူးဆက်ဆံဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြားအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်၍ နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်မှုများကို အတူတကွပူးပေါင်းဆောင်ရွက် လျက်ရှိမှု၊ နှစ်နိုင်ငံသဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်သွားရန်လိုအပ်မှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှသာလျင် သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ပိုမို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေးအရ ကူးလူးဆက်သွယ်မှုကို ပိုမိုအကောင်အထည်ဖော်နိုင်မည်ဖြစ်သဖြင့် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်း၍ အရှိန်မြှင့်တင်ဆောင်ရွက်သွား ရန်လိုအပ်မှု၊ ကမ္ဘာတစ်ဝန်း၌ တိုးတက်လာသည့် လူဦးရေနှင့်အတူ ကြုံတွေ့လာရသည့် စားရေရိက္ခာ လိုအပ်ချက်အား မြန်မာနိုင်ငံအနေဖြင့် ဖြည့်ဆည်းပေးနိုင်မည့် အရင်းအမြစ်ကောင်းများစွာ ပိုင်ဆိုင်ထားသည့် အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှု၊ စိုက်ပျိုးမွေးမြူ ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ သစ်တောထွက်သယံဇာတများကို အခြေခံသည့် စက်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လိုမှု၊ ထို့ပြင် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုတို့အပါအဝင် အခြားသောကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက် သွားရန်မြန်မာနိုင်ငံဘက်မှ အသင့်ရှိသည့်အခြေအနေများနှင့် နှစ်ဖက်ကူးလူးဆက်ဆံသွားလာရေးတွင် လုံခြုံချောမွေ့ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ လူသားအရင်းအမြစ် လေ့ကျင့်မွေးထုတ်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါ လာကြသည့်အရာရှိကြီးများနှင့်တာဝန်ရှိသူများ တက် ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး နှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် အမြဲတမ်းကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

#centralnewsnaypyitaw

image