3 w - Translate

ပဲရစ် မာစတာတင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၂ ဇဗဲရပ်ဗ် အနိုင်ရဗိုလ်စွဲ

ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲကြီးမှာ ဂျာမနီနိုင်ငံသားတင်းနစ်သမား အလက်ဇန္ဒြားဗဲရပ်ဗ်က ပြင်သစ်ကစားသမား ယူဂိုဟမ်းဘတ်ကို ၆-၂၊ ၆-၂ ရလဒ်နဲ့ ၂ ပွဲဆက်အနိုင်ယူကာ ချန်ပီယံဖြစ်လာခဲ့ပါတယ်။

ဒါဟာ ကမ္ဘာ့အဆင့် ၂ နေရာ တက်လှမ်းလာနိုင်ခဲ့တဲ့ ဇဗဲရပ်ဗ်အတွက် ပထမဆုံးသော ပဲရစ်မာစတာချန်ပီယံဆုဖြစ်သလို ATP 1000 အဆင့်ပြိုင်ပွဲတွေမှာ ၇ ကြိမ်မြောက် အောင်မြင်မှုရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ ၂ ယောက်စလုံးဟာ တနှစ်တာအတွင်း စတုတ္ထမြောက် ဖိုင်နယ်ပွဲစဉ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ဇဗဲရပ်ဗ်ကတော့ ၆၆ ပွဲနဲ့ ဒီနှစ်ရဲ့ နိုင်ပွဲအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

အခုလိုမျိုး ကမ္ဘာ့အဆင့်ရပ်တည်ချက်မှာ ရမှတ်-၁၀၀၀ ပေါင်းထည့်နိုင်ခဲ့တဲ့အတွက် အသက် ၂၇ နှစ်အရွယ် ဇဗဲရပ်ဗ်က စပိန်နိုင်ငံသား အယ်ကာရက်ဇ်ကို ကျော်လွန်ကာ အဆင့် ၂ နေရာဆီ ပြန်ရောက်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ဇွန်လတုန်းက ပြင်သစ်အိုးပင်း ဖိုင်နယ်ပွဲစဉ်မှာတော့ အယ်ကာရက်ဇ်ကို ဇဗဲရပ်ဗ် အနေနဲ့ အရှုံးပေးခဲ့ရဖူးပါတယ်။

အသက် ၂၆ နှစ် အရွယ် ဟမ်းဘတ်ကလည်း ၁၃ နှစ်တာအတွင်း ပဲရစ်ဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့တဲ့ အိမ်ရှင်နိုင်ငံသားတယောက် ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၁၈ နေရာမှာရှိနေတဲ့ ဟမ်းဘတ်က " ဒီပွဲစဉ်တွေကိုကြည့်ဖို့ ကလေးတယောက် အနေနဲ့ ရောက်လာခဲ့ဖူးပါတယ်။ ကျနော်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာခဲ့တဲ့အပြင် ဖိုင်နယ်အဆင့်အထိပါ တက်ရောက်နိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ရပါတယ်"လို့ မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် လာမယ့် နိုဝင်ဘာ ၁၀ ရက်ကနေ ၁၇ ရက်အထိ အီတလီနိုင်ငံ တူရင်မြို့မှာ ထိပ်တန်းကစားမားတွေသာ ပါဝင်နိုင်မယ့် ATP Finals ပြိုင်ပွဲကြီးကို ရာသီအပိတ် အဖြစ် ကျင်းပဖို့ ရှိနေပါတယ်။
DVB

image