မ‌လေးတွင် အလုပ်အကိုင်များကို ပွဲစားများမှ လက်ဝါးကြီးအုပ်ထားဟု ပြော

နိုဝင်ဘာ ၅၊ ရန်ကုန်။

မ‌လေးရှားရှိ အလုပ်အကိုင်အများစုကို မြန်မာပွဲစားများမှ လက်ဝါးကြီးအုပ်၍ ချုပ်ကိုင်ထားကြကြောင်း မလေးရှား ရှိ မြန်မာပရဟိတ အသင်းအဖွဲ့များက ပြောသည်။

ထို့အပြင် ယခုလက်ရှိတွင် မလေးရှားနိုင်ငံ၌ မြန်မာပွဲစားများမှာ ယခင်ကထက် ပို၍ များပြားလာနေကာ ကား အကြို/အပို့ ဝန်ဆောင်မှုပေးသည့် သူများသာမက အခြားမြန်မာများပါ ပွဲစားအဖြစ် လုပ်ကိုင်လာနေကြကြောင်း နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က ပြောသည်။

၎င်းက “အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးတယ်။ ရှိတဲ့အလုပ်တွေကိုလည်း ပွဲစားတွေက ကိုင်တယ်။ ပွဲစား တွေက လူတိုင်းက ပွဲစားဖြစ်နေတယ်။ ဒီစက်ရုံမှာလုပ်တဲ့လူ သူ့မှာ စက်ရုံထဲမှာ အလုပ်ရှိရင် ပွဲစားကောက် လုပ် တယ်။ နောက် လူရှာပေးတဲ့လူကို တစ်ဝက်၊ လက်ခံတဲ့လူက တစ်ဝက် အဲဒီလိုပဲမျှစားနေကြတယ်။ အခုဆို မြန်မာ ပြည်က အကြွေးတွေနဲ့ တက်လာတယ်။ ဒီရောက်တော့ ပွဲစားခ ထပ်ပေးတယ်။ နောက်ထပ်ပြီးတော့ ပွဲစားတွေက လိမ်တာတစ်မျိုး။ အလုပ်တွေ မောင်းထုတ်တာက တစ်မျိုး။ မိန်းကလေးဆိုလည်း တချို့ဆို ရောင်းစားခံတွေ ထိတယ် အိမ်ဖော်အလုပ်တွေကို ထည့်ပေးတယ်။ တစ်နှစ်စာ ၆၀၀၀၊ ၅၀၀၀ ရင်းဂစ်တွေ ယူသွားကြတယ်။ လုပ်တဲ့ လူမှာ အိမ်ရှင်ကောင်း၊ မကောင်း နားမလည်ဘူး။ ပွဲစားလုပ်တာက လူဟောင်းနဲ့ မလေးရှားမှာ ၄၊ ၅ နှစ် ရောက်တဲ့ သမားတွေများတယ်” ဟု ပြောသည်။

ပွဲစားလုပ်ကြသော်လည်း ကောင်းသည့်ပွဲစားများ ရှိသကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် ပွဲစား အများအပြား လည်းရှိကြောင်း မလေးရှားရှိ မြန်မာပရဟိတအသင်းအဖွဲ့များမှ ပြောသည်။

၎င်းတို့အား ပွဲစားခပေး၍ အလုပ်ရှာခိုင်းသည့်အခါတွင် လုပ်ငန်းခွင်၌ အဆင်မပြေသဖြင့် အခြားအလုပ်သို့ ပြောင်းချင်ပါက ပွဲစားခ ထပ်မံပေးရခြင်းဖြစ်ကြောင်းလည်း သိရသည်။

အလုပ်အကိုင် ရှားပါးလွန်းသဖြင့် အလုပ်အကိုင် မရှိသူများအတွက် ပရဟိတအသင်းများမှ အလုပ်ရှင်သူဌေးများ နှင့် ချိတ်ဆက်ကာ ကူညီဆောင်ရွက်ပေးသော်လည်း အလုပ်ရှင်သူဌေးများ လိုချင်သည့်အချိန်တိုင်း မသွားရောက် နိုင်သောကြောင့် ပွဲစားများဖြင့်သာ လုပ်ကိုင်ကြကြောင်း ရတနာစက္ကနာရေး ကူညီမှုအသင်းမှ ဥက္ကဋ္ဌ ကိုအောင်က ပြောသည်။

၎င်းက “ပွဲစားတွေကလည်း ပွဲစားသပ်သပ်ရယ် မဟုတ်တော့ဘူး။ ကားသမားကလည်း ပွဲစားလုပ်သလိုလုပ်၊ သူကိုယ်တိုင် အလုပ်ရှာပြီးတော့ သူကိုယ်တိုင် ကားနဲ့ခေါ်သွားတယ်။ ဟိုမှာ အလုပ် လုပ်ကောင်းတာ၊ မကောင်း တာက သူ့ကိစ္စမဟုတ်ဘူး။ သူတို့အချင်းချင်း မိန်းကလေး၊ ယောကျာ်းလေးတွေကို ‌ခေါ်ပြီးတော့ အလုပ်တွေ သွင်းပေးတယ်။ ဒီစက်ရုံက မကောင်းလို့ လူတွေ ထွက်တယ်ဆိုတာလည်း သိတယ်။ သို့သော် သူတို့တွေက ဆရာတော်ဟောသလိုပဲ အမြတ်ရဖို့ပဲ စဉ်းစားတယ်။ ကိုယ့်လူမျိုးတွေ ကောင်းစားဖို့မှ မစဉ်းစားတာ။ ကားခလည်း ယူတယ်။ ပွဲခလည်း ယူတယ်ဆိုတော့ လူတစ်ယောက်ကို အနည်းဆုံး ၆၀၀ ကနေ ၈၀၀ အထိ ယူတယ်။ အလုပ်က ၃၊ ၄ ရက်နဲ့မကောင်းလို့ သူ့ဆီ နောက်အလုပ်ရှာပါဆိုလည်း နောက်တစ်ခါ ထပ်ပြီးတော့ ပွဲစားခ တောင်းတယ် ဆိုတော့ ယုတ်မာကြတယ်”ဟု ပြောသည်။

လက်ရှိ မလေးရှားတွင် အဖမ်းအဆီးများမှာ စီမံချက်ဖြင့် ဖမ်းဆီးခြင်းထက် ၎င်းနိုင်ငံသားများ၏ တိုင်ကြားမှု ကြောင့် ဖမ်းဆီးခြင်းမှာ ပို၍ များပြားနေကြောင်းလည်း သိရသည်။

ထို့အပြင် ဆလန်ဂေါပြည်နယ်ရှိ နေရာ ၃ ခုတွင် အော်ပရာစီ စတင်မည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ ပြောဆိုထားသဖြင့် ထိုဒေသများရှိ တရားမဝင် မြန်မာများ သတိပြုနေထိုင်ကြရန်လည်း မလေးရှားရှိ မြန်မာ ပရဟိတ အသင်းအဖွဲ့များမှ အကြံပြုသည်။

ပုံ - ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဥ်

#centralnewsnaypyitaw

image