ကချင်ကလွဲပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မနက်ဖြန် မိုးကြီးနိုင်၊ တချို့ဒေသတွေမှာ ရေကြီး၊ မြေပြိုနိုင်တယ်လို့ မိုးဇလသတိပေး
နိုဝင်ဘာ ၅၊ ရန်ကုန်။
နိုဝင်ဘာ ၆ ရက်၊ မနက်ဖြန်ကစပြီး ကချင်ပြည်နယ်တစ်ခုကလွဲရင် ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ ၄ ရက်မှာ အထူးမိုးလေဝသ သတိပေးချက်ထုတ်ပြန်ပါတယ်။
မနက်ဖြန်ကစပြီး ၃ ရက်ကြာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထုတ်ပြန်လာတာဖြစ်ပါတယ်။
တောင်တရုတ် ပင်လယ်ပြင်က ရွေ့လာတဲ့ လေပွေလှိုင်းတွေ၊ နောက် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်က လေဖိအားကြီးရပ်ဝန်းကနေ ရွေ့လာတဲ့ရေအေးတွေ တွေ့ဆုံပြီး ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် ရှေ့တောင်ပိုင်းတို့မှာ လေထု မငြိမ်သက်မှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့်လို့ဆိုပါတယ်။
မိုးကြောင့် ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသနဲ့ မြစ်ချောင်းနားနေထိုင်သူတွေကို ကြိုတင်ရှောင်ရှားဖို့ကိုလည်း မိုဇလက သတိပေး ထုတ်ပြန်ပါတယ်။
“ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးအနောက်ခြမ်း၊ ကယား၊ မကွေးတိုင်းတောင်ပိုင်းနဲ့ ရှမ်းတောင်တို့မှာ မိုးများနိုင်တယ်။ ရေကြီးထားတဲ့နေရာတွေ သတိထားဖို့လိုပါတယ်” လို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပါတယ်။
မိုးရွာရန် ခန့်မှန်းချက်ကတော့ ချင်း၊ စစ်ကိုင်း၊ မန္တလေး နဲ့ တနင်္သာရီမှာ နေရာကျဲကျဲ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ရခိုင်၊ ကယား၊ ကရင် နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ ပုံစာ,ထူးခြားရာသီဥတုဖြစ်စဉ်ကြောင့် ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်း ရေကြီးခဲ့တဲ့ ရန်ကုန်မြို့
Credit - BBC
#သတင်းဟင်းလေးအိုးကြီး