ရွှေရောင်းဝယ်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် သတ်မှတ်ထားသည့်စည်းကမ်းချက်များကို လိုက်နာခြင်း မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့် အရေးယူမည်

အောက်တိုဘာ ၃၀၊ နေပြည်တော်။

ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် ၀၅၅/၂၀၂၄ နှင့်အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် အောက်တိုဘာလ ၂၄ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၂၄ ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန် ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီး ယင်းဝန်ဆောင်မှုနှင့်သက်ဆိုင်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလို ဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အား အပ်နှင်းခဲ့သဖြင့် ဝန်ကြီးဌာနက ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်သည့်အမိန့်ကို အောက်တိုဘာ ၂၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၀၃၈/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါ အမိန့်ကြော်ငြာစာအရ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် ၀၅၅/၂၀၂၄ နှင့်အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

#centralnewsnaypyitaw

image