ရေးထားတာလေးသဘောကျလို့ ပြန်လည်မျှဝေလိုက်ပါတယ်
အရှုံးကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရဲသည့် သတ္တိကင်းမဲ့ခြင်း
……………………………...............
မြန်မာနိုင်ငံမှာ အတန်းပိုင်ဆရာမဆီမှာ ကျူရှင်နေတဲ့ကလေးက အဆင့် ၁ ရတဲ့ စနစ်၊ ရာထူးတက်ဖို့ အထက်လူကြီးကို ဂါရတဲ့ စနစ်၊တင်ဒါအောင်ဖို့ တိုင်းမှူးကို ကန်တော့ရတဲ့ စနစ်၊ ဘောလုံးအကယ်ဒမီမှာ ပါဖို့ အကပ်ကောင်းရှိမှရတဲ့ စနစ်တွေ နှစ်ပေါင်းများစွာ ရှင်သန် ကြီးထွားခဲ့တာကြောင့် တရားမျှတတဲ့ ယှဥ်ပြိုင်ခြင်းမျိုးနဲ့ သိပ်မယဥ်ပါးကြတော့ဘူး။
ဒါ့အပြင် “ ရေဗူးပေါက်တာ မလိုချင်ဘူး ..ရေပါတာပဲ လိုချင်တယ် “ ဆိုတဲ့ mindset တွေကိုပါ ရိုက်သွင်းလိုက်တဲ့အခါမှာ လူတွေဟာ ဘယ်လိုနည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် အောင်မြင်ဖို့ အနိုင်ရဖို့က အဓိက ဆိုတဲ့ စိတ်ဓါတ်တွေ ရှင်သန် ကြီးထွားလာခဲ့ကြတယ်။ ဒါတွေနဲ့ ဆက်နွယ်ပြီး EQ တွေပါ နိမ့်ပါးကုန်တာကြောင့် နယ်ပယ်အသီးသီးမှာ အရှုံးကို ရင်ဆိုင်ဖို့ ကြောက်တဲ့ သူတွေ များလာခဲ့တယ်။
ဘောလုံးပွဲမှာ ဆိုရင် အိုမန်ဂိုးသမားကို ဂဲ(ခဲ)နဲ့ထုလို့ သုဝဏ္ဏကွင်းပွဲကြည့်စင်မှာ ပိုက်ကွန်တွေ ကာခဲ့ရတယ်။ တိုက်ဂါးဖလားပွဲမှာ ကစားသမားတချို့ ပြိုင်ဘက် ပရိတ်သတ်တွေကိုပါ ရိုင်းစိုင်းစွာ အမူအယာနဲ့ တိုင်းထွာ ပြခဲ့တာကြောင့် မြန်မာဆိုရင် အမေဇုန်တောထဲက လူရိုင်းသာသာလောက်အထိ နိုင်ငံတကာမှာ သတ်မှတ်ခြင်း ခံခဲ့ရတယ်။ ပြည်တွင်းပွဲတွေမှာ အသင်း ရှုံးနေရင် ကစားသမားတွေက လူချတယ်၊ ပရိတ်သတ်က ထိုင်ခုံတွေ ရိုက်ချိုးကြတယ်၊ အသင်းပိုင်ရှင်က ဒိုင်ကို ပြေးထိုးတယ်။
ရိုးရာ လက်ဝှေ့မှာ ဆိုရင်လည်း အရှုံးကို ကျေကျေနပ်နပ် လက်ရဲခံပြီး ပြိုင်ဘက်ကို ချီးကျူးဖို့ ဝန်မလေးကြတဲ့ ဦးရွှေဝါထွန်း၊ ရွှေဓူဝံ၊လုံးချော၊ ဝမ်ချိုင်း စတဲ့ ဂန္ထဝင် ချန်ပီယံကြီးတွေကို အများက လေးစားကြသလို ကိုယ်ရှုံးရင် စနစ်ကို အကြောင်းပြ၊ ပြိုင်ဘက်ရဲ့ ကစားပုံကို အကြောင်းပြ၊ ပွဲစီစဥ်မှုကို အကြောင်းပြ၊ ဒဏ်ရာကို အကြောင်းပြနဲ့ ရှုံးနိမ့်မှုအတွက် အကြောင်းမျိုးစုံပြတတ်တဲ့ ဖိုက်တာတွေလည်း ရှိပါတယ်။
တခြား နယ်ပယ်တွေ ပြိုင်ပွဲတွေမှာလည်း ရှုံးနိမ့်ခြင်းကို ကြုံတဲ့အခါမှာ ကိုယ်က ဘယ်နေရာမှာ အားနည်းသွားတာလဲ၊ ပြိုင်ဘက်က ဘာတွေ သာသွားခဲ့လဲ့ ဆိုတာကို အဖြေရှာသုံးသပ်ပြီး နောက်တစ်ကြိမ်ပြိုင်ပွဲတွေအတွက် ပိုကောင်းအောင် ပြင်ဆင်မှုတွေကို လုပ်ရကောင်းမှန်း မသိကြပါဘူး။
ရှုံးတာနဲ့ ကိုယ်က လုံးဝပထမ ရသင့်ပေမယ့် ပြိုင်ဘက်ကိုဘက်လိုက်လို့ ၊ ဒိုင်မကောင်းလို့ ၊ မြန်မာမို့ နှိမ်တာ စတဲ့ ချည်းကပ်မှုတွေနဲ့ အရှုံးကို ခါးခါးသီးသီး ငြင်းဆန်ကြပြီး ကလေးဆန်ဆန် စရိုက်ဆန်ဆန် ယဥ်ကျေးမှု ခေါင်းပါးတဲ့ အဆင့်နိမ့် အပြုအမူတွေကို နိုင်ငံတကာ မီဒီယာတွေ အလယ်မှာ လုပ်ကြတာ မကြာခဏ တွေ့ရမှာပါ။
စာသင်ကျောင်းတွေမှာ လောကနိတိကို မသင်ခဲ့ရဘူး၊ sportsmanship ဆိုတာ ဘာမှန်း မသိကြဘူး။ မြန်မာတွေဟာ ပျမ်းမျှ အားဖြင့် EQ နိမ့်ပြီး sportsmanship မရှိတဲ့ မနာလိုစိတ်များတဲ့ လူမျိုးတမျိုးအဖြစ် နိုင်ငံတကာက မြင်ထားကြတာဟာ မှားတယ်လို့တော့ ပြန်ချေပဖို့ ခုချိန်မှာခက်ခဲနေတယ်။
..
စိုးနေ့သစ်