(၃)နှစ် ကျော်ကာလအတွင်းတရားမဝင်ကုန်သွယ်မှုမှ ကျပ် ၄၅၈ ဘီလီယံကျော် ဖမ်းဆီးရမိ
ဖေဖော်ဝါရီ ၂၈
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ (၃)နှစ် နှင့် (၁)လတာကာလအတွင်း တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိအမှုတွဲ ၁၉,၀၀၀ ကျော်ရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၄၅၈ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရ သိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် အများဆုံး၊ မန္တလေးတိုင်းဒေသကြီးသည် ဒုတိယအများဆုံးနှင့် ရန်ကုန်တိုင်းဒေသကြီးသည် တတိယအများဆုံးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ် ဖမ်းဆီးရရှိမှုများသည် အများဆုံးဖြစ်ပြီး၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများသည် ဒုတိယအများဆုံးနှင့် တတိယအများဆုံးအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ဖမ်းဆီးရမိမှုများကိုကြည့်ပါက ဒီဇင်ဘာလတွင် ငွေကျပ် ၄၄ ဒသမ ၁၈၃ ဘီလီယံနှင့် အများဆုံးဖမ်းဆီးရမိခဲ့သည်ကိုတွေ့ရပြီး နှစ်အလိုက် ဖမ်းဆီးရမိမှုများကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးရမိမှုတန်ဖိုး ကျပ်(၆၅)ဘီလီယံ၊ ၂၀၂၃ ခုနှစ်တွင် ငွေကျပ်(၁၃၅)ဘီလီယံကျော် တိုးတက်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ငွေကျပ်(၂၂၃) ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် တစ်ကမ္ဘာလုံး၏ GDP ခန့်မှန်းတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၀၅ ထရီလီယံရှိသည့်အနက် တရားမဝင်ကူးသန်းရောင်းဝယ်မှုနှင့် ငွေကြေးခဝါချမှုများက အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ ထရီလီယံအများဆုံး ဆုံးရှုံးမှုဖြစ်သည်ကို ထုတ်ပြန်ထားပြီး နိုင်ငံဖြတ်ကျော်မှုခင်းကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂ဒသမ၂ ထရီလီယံ၊ လာဘ်ပေးလာဘ်ယူမှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ၊ မူးယစ်ဆေးဝါး ကူးသန်းမှုတွင် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံကျော်၊ အတုပြုလုပ်မှုနှင့် ခိုးကူးမှုများတွင် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုများတွင် အမေရိကန်ဒေါ်လာ၂၅၈ ဘီလီယံ၊ လူကုန်ကူးမှုများတွင် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံတို့ဖြစ်သည်ကို ဖော်ပြထားချက်များအရ သိရသည်။
#သတင်းဟင်းလေးအိုးကြီး
