တရုတ်နိုင်ငံက ကမ္ဘာ့အတွင်းပိုင်း လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြီးမားတဲ့ စီမံကိန်းကြီးတစ်ခုကို စတင်လိုက်ပါတယ်။
အဲ့ဒါကတော့ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဒေသ၊ (Taklamakan) တာကလာမာကန် သဲကန္တာရထဲမှာ ကမ္ဘာ့မြေလွှာအောက် မီတာ ၁၀,၀၀၀ (၃၂,၈၀၈ ပေ) နက် ရှိုင်းတဲ့ တွင်းကြီးတစ်တွင်းကို တူးနေတာပါ။
ဒီစီမံကိန်းဟာ ကမ္ဘာ့အတွင်းပိုင်း ဘူမိဗေဒဆိုင်ရာနား လည်နိုင်စွမ်းကို တော်လှန်ပြောင်းလဲပစ်နိုင်ပြီ၊ စွမ်းအင်အရင်းအမြစ်အသစ်တွေ ရှာဖွေတွေ့ရှိဖို့လည်း အလား အလာရှိပါတယ်။
ဒီတွင်းက ကမ္ဘာ့မြေအောက်ပိုင်းအလွှာ (mantle) အထိ ရောက်မှာ မဟုတ်ပေမယ့်၊ ပျမ်းမျှ ကီလိုမီတာ ၃၀ လောက်နက်တဲ့ ကုန်းမြေထုလွှာ (continental crust) ကိုတော့ ထိုးဖောက်ဝင်သွားမှာပါ။
ဒီလို ရှုပ်ထွေးတဲ့ တူးဖော်ရေးစီမံကိန်းအတွက် တန်ချိန် ၂,၀၀၀ နီးပါးရှိတဲ့ အထူးပစ္စည်းကိရိယာတွေ လိုမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီထဲမှာ အလွန်မာကြောတဲ့ ကျောက်လွှာတွေကို ထိုးဖောက်နိုင်တဲ့ အထူးတူးစက်တွေ (drill bits)၊ နဲ့ အလွန်ရှည်လျားတဲ့ ပိုက်ချောင်းတွေ (drill pipes) လည်း ပါဝင်ပါတယ်။
ဒီတူးဖော်မှုက သိပ္ပံပညာရှင်တွေကို ကမ္ဘာ့အတွင်းပိုင်း ဖွဲ့စည်းပုံနဲ့ ဘူမိဗေဒဖြစ်စဉ်တွေအကြောင်းကို အရင်ကထက် ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာခွင့်ရစေမှာပါ။
တွင်းကြီးက နှစ်သန်းပေါင်း ၁၄၅ သန်းကျော် သက်တမ်းရှိတဲ့ ကုန်းတွင်းပိုင်း ကျောက်လွှာ အထပ်ပေါင်း (၁၀) ခုထက်မနည်းကို ဖြတ်သွားမှာမို့လို့၊ အဲ့ဒီကနေ ရလာမယ့် အချက်အလက်တွေက ကမ္ဘာ့သမိုင်းကြောင်းကို ပိုပြီးနား လည်လာအောင် ကူညီပေးနိုင်ပါတယ်။
ဒါ့အပြင် နက်ရှိုင်းတဲ့နေရာတွေမှာ ရှိနေနိုင်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ရှာဖွေတဲ့နေရာမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီနိုင်ပါတယ်။
ယခုကဲသို့ နက်ရှိုင်းစွာ တူးဖော်ရတာဟာ နည်းပညာပိုင်းအရ တော်တော်လေးကို စိန်ခေါ်မှုတွေ များပါတယ်။ ရုရှားမှာရှိတဲ့ Kola Superdeep Borehole က အဲ့ဒီစိန်ခေါ်မှုတွေကို သက်သေပြခဲ့ပြီးပါပြီ။
ဆယ်စုနှစ် နှစ်ခုကျော်ကြာအောင် တူးဖော်ခဲ့ရတဲ့ (kola) ကိုလာတွင်းဟာ အပူချိန်အရမ်းမြင့်တာ၊ ဖိအားတွေ အရမ်းများတာ၊ ပြီးတော့ မမျှော်လင့်ထားတဲ့ ဘူမိဗေဒ အခြေအနေတွေကြောင့် အခက်အခဲတွေအများကြီးကြုံ တွေ့ခဲ့ရတာပါ။
ဒါပေမယ့် ကိုလာတွင်းကနေ ရရှိခဲ့တဲ့ သိပ္ပံတွေ့ရှိချက်တွေ (ဥပမာ - မီတာ ၆,၀၀၀ အနက်မှာ ရေ၊ ဟိုက်ဒရိုဂျင် နဲ့
အလွန်သေးငယ်တဲ့ အဏုကြည့်မှန်ဘီလူးသုံး ပင်လယ်ရေမှော် ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တွေ့ခဲ့ရတာ) က
ကမ္ဘာ့အတွင်းပိုင်းဆိုင်ရာ အသိပညာကို များစွာတိုးတက်စေခဲ့ပါတယ်။
တရုတ်နိုင်ငံက အခုတူးမယ့် တွင်းကြီးကလည်း အပူချိန် ၂၀၀ ဒီဂရီ စင်တီဂရိတ်လောက်ရှိတဲ့ အပူချိန်၊ နှင့် ကမ္ဘာ့မျက်နှာပြင်ထက် အဆပေါင်း ၁,၃၀၀ ကျော် ပိုများတဲ့ လေထုဖိအားတွေကို ကြံ့ကြံ့ခံနိုင်ရမှာပါ။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ ကိရိယာတွေ၊ နည်းပညာတွေ လိုအပ်မှာ သေချာပါတယ်။
ဒီတူးဖော်မှု အောင်အောင်မြင်မြင် ပြီးသွားရင်တော့
ကမ္ဘာ့ဘူမိဗေဒ သမိုင်းကြောင်း၊ အတွင်းပိုင်းဖွဲ့စည်းပုံ၊ နှင့် သဘာဝအရင်းအမြစ်တွေ ရှိနိုင်မယ့် အလားအလာတွေနဲ့ ပတ်သက်ပြီး အဖိုးမဖြတ်နိုင်တဲ့ အချက်အလက်အသစ်တွေကို ရရှိလာမယ်လို့မျှော်လင့်ရပါတယ်။
ဒီစီမံကိန်းက တရုတ်နိုင်ငံရဲ့ သိပ္ပံနဲ့ နည်းပညာ စွမ်းဆောင်ရည်ကို ပြသနိုင်ရုံသာမက၊ ကမ္ဘာဂြိုဟ်ရဲ့ နက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တဲ့နေရာမှာ နိုင်ငံတ ကာက ပူးပေါင်းဆောင်ရွက်မှုတွေအတွက်ပါ လမ်းဖွင့်ပေးနိုင်မယ့် ခြေလှမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
#knowledgezone