အိန္ဒိယမှာ Starlink အင်တာနက်ဝန်ဆောင်မှုပေးတော့မည်၊ အစိုးရရဲ့ နောက်ဆုံးခွင့်ပြုချက်ရရှိ
Elon Musk ရဲ့ ကမ္ဘာကျော် ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်း Starlink ဟာ အိန္ဒိယနိုင်ငံမှာ လုပ်ငန်းစတင်ဖို့အတွက် အိန္ဒိယအာကာသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (IN-SPACe) ဆီကနေ နောက်ဆုံးအဆင့် လိုင်စင်ကို ရရှိသွားပြီဖြစ်ပါတယ်။ ဒီခွင့်ပြုချက်ကြောင့် အိန္ဒိယရဲ့ အင်တာနက်သုံးစွဲမှုပုံစံ အကြီးအကျယ်ပြောင်းလဲသွားနိုင်ပါတယ်။
ဒီခွင့်ပြုချက်ဟာ နောက်ဆုံးအဆင့်ဖြစ်ပေမယ့် Starlink အနေနဲ့ လုပ်ငန်းမစတင်ခင်မှာ လှိုင်းနှုန်း (spectrum) ဝယ်ယူတာ၊ မြေပြင်အခြေစိုက်စခန်းတွေ တည်ဆောက်တာနဲ့ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေကို အရင်ပြုလုပ်ရမှာဖြစ်ပါတယ်။ အားလုံးအဆင်ပြေခဲ့ရင် ၂၀၂၅ ခုနှစ်အကုန် ဒါမှမဟုတ် ၂၀၂၆ ခုနှစ်အစောပိုင်းမှာ ဝန်ဆောင်မှုတွေ စတင်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီခွင့်ပြုချက်ကြောင့် Starlink ဟာ အိန္ဒိယမှာလုပ်ကိုင်ခွင့်ရတဲ့ တတိယမြောက် ဂြိုလ်တုအင်တာနက်ကုမ္ပဏီ ဖြစ်လာခဲ့ပြီး၊ အရင်ရောက်နှင့်နေတဲ့ Eutelsat OneWeb နဲ့ အိန္ဒိယရဲ့အကြီးဆုံးစီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ Reliance Jio တို့နဲ့ ပြင်းထန်စွာ ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။
Starlink ရဲ့ ဝင်ရောက်လာမှုဟာ အထူးသဖြင့် အင်တာနက်လိုင်းမကောင်းတဲ့ ကျေးလက်ဒေသတွေက ပြည်သူတွေအတွက် အင်တာနက်မြန်နှုန်းမြင့်ကို ဈေးနှုန်းသက်သက်သာသာနဲ့ သုံးစွဲနိုင်မယ့် မျှော်လင့်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။
