#နိုင်ငံတကာသတင်း
◼ ထရန့်နှင့်အကွဲအပြဲအတွင်း 'America Party' ကို ဖွဲ့စည်းလိုက်ကြောင်း အီလွန်မာ့စ်ကြေညာ
အမေရိကန်နိုင်ငံ၏ တစ်ပါတီစနစ်ကို စိန်ခေါ်ရန် ၎င်းအနေဖြင့် ပါတီသစ်တစ်ခုကို စတင်ဖွဲ့စည်းလိုက်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်၏မဟာမိတ်ဟောင်းဘီလျံနာအီလွန်မာ့စ်က ယမန်နေ့တွင် ပြောကြားသည်။
၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် ထရန့်၏ နိုင်ငံရေးရန်ပုံငွေအကြီးမားဆုံးမတည်ခဲ့သူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မာ့စ်သည် အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ၏အကြီးအကဲအဖြစ်သမ္မတ၏အသုံးစရိတ်လျှော့ချရေးနှင့်အစိုးရအလုပ်အကိုင်လျှော့ချမှုလုပ်ငန်းများအား ဦးဆောင်ခဲ့ပြီးနောက် ‌ဒေါ်နယ်ထရန့်နှင့် မသင့်မမြတ်ဖြစ်လာခဲ့သည်။
သမ္မတ၏ ကြီးမားသော ပြည်တွင်းအသုံးစရိတ်အစီအစဉ်နှင့် ပတ်သက်၍ မာ့စ် က ပြင်း ပြင်း ထန် ထန်ဝေဖန်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ ကြွေးမြီအား ထိန်းမနိုင် သိမ်းမနိုင်ဖြစ်စေနိုင်ကြောင်း ပြောကြားပြီး ယင်းဥပဒေကို ‌ထောက်ခံခဲ့သော လွှတ်တော်အမတ်များ လာမည့် သက်တမ်းဝက်ရွေးကောက်ပွဲတွင် ရှုံးနိမ့်စေရန် လုပ်နိုင်တာ အားလုံးလုပ်ဆောင်သွားမည်ဟု မာ့စ် က ကြွေးကြော်ခဲ့သည်။
ယခုအခါတွင် ၎င်း၏ကိုယ်ပိုင်နိုင်ငံရေးမူဘောင်ဖြစ်သော America Party ကို မာ့စ်က ထူထောင်လိုက်ကာ ယင်းအဖွဲ့အစည်းမှတစ်ဆင့် ၎င်း၏ ရည်မှန်းချက်များ အောင်မြင်ရန်ကြိုးစားမည်ဖြစ်သည်။
“ဖြုန်းတီးမှု ၊ ခြစားမှု နဲ့ ကျွန်တော်တို့နိုင်ငံကို ဒေဝါလီခံရအောင် လုပ်တဲ့နေရာမှာ ကျွန်တော်တို့က တစ်ပါတီစနစ်နဲ့ နေထိုင်နေရပြီး ဒီမိုကရေစီစနစ်မဟုတ်ပါဘူး” ဟု Tesla လျှပ်စစ်ကားကုမ္ပဏီပိုင်ရှင် က ၎င်း၏ X လူမှုကွန်ရက်တွင် ပြောကြားသည်။
“ ခင်ဗျားတို့အတွက် ခင်ဗျားတို့ရဲ့ လွတ်လပ်မှုကို ပြန်ပေးဖို့ ဒီကနေ့မှာ America Party ကို ဖွဲ့စည်းလိုက်ပါတယ်။” ဟု မာ့စ်က ပြောသည်။
အီလွန်မာ့စ် က အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်သော ဇူလိုင် ၄ ရက် က အွန်လိုင်းပေါ်တင်ခဲ့သော စစ်တမ်းတစ်ခုအား ကိုးကားခဲ့ပြီး ‘အမေရိကန်နိုင်ငံအား နှစ်ပေါင်း နှစ်ရာ လွှမ်းမိုးခဲ့သော နှစ်ပါတီအောက်မှ လွတ်လပ်ရေးလိုချင်ပါသလား။’ ဟု မေးမြန်းကာ တုံ့ပြန်ခိုင်းခဲ့ပြီး yes-or-no ဖြေခိုင်းသော စစ်တမ်းကို လူပေါင်း ၁ ဒသမ ၂ သန်းက ပြန်ကြားခဲ့ကြောင်း သိရသည်။
“၂ အချိုး ၁ ဆိုတော့ ခင်ဗျားတို့က နိုင်ငံ‌ရေးပါတီသစ်ကို လိုချင်တာပေါ့၊ ရပါလိမ့်မယ်” ဟု ထရန့်က ယမန်နေ့ ပို့စ် တွင် ရေးသားသည်။
ထို့ပြင် ခေါင်းနှစ်လုံး နှင့် မြွေပုံကိုလည်း မာ့စ် က မျှဝေခဲ့ပြီး တစ်ခုတည်းသောပါတီ၏အဆုံးသတ် ဟု စာတန်းထိုးခဲ့သည်။
အီလွန်မာ့စ်၏ ကြေညာချက်နှင့်ပတ်သက်၍ အိမ်ဖြူတော် နှင့် ဒေါ်နယ်ထရန့် ထံမှ မည်သည့်မှတ်ချက်မှ ထွက်ပေါ်မလာသေးကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ပါတီသစ်ကြောင့် ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် သက်တမ်းဝက်ရွေးကောက်ပွဲ နှင့် ၂၀၂၈ တွင် ကျင်းပမည့် သမ္မတရွေးကောက်များအား မည်သို့ ရိုက်ခတ်မည်ဆိုသည်မှာလည်း မရှင်းလင်းသေးပေ။
သတင်း-ရဲမင်း
ကိုးကား- Agencies

image