#နိုင်ငံတကာသတင်း
◼ တရုတ်ကိုဟန့်တားရန် ဂျပန်တစ်ပတ်ရစ်စစ်သင်္ဘောများအား ဖိလစ်ပိုင်သို့ ပေးပို့မည်
ပေကျင်းကို တန်ပြန်ရန် အမေရိကန်မဟာမိတ်နှစ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေစဉ် တရုတ်၏ရေကြောင်းတိုးချဲ့မှုများအပေါ် အဟန့်အတားကို တိုးမြှင့်နိုင်ရန် ဂျပန်က ၎င်းတို့၏ တစ်ပတ်ရစ် ရေတပ်ဖျက်သင်္ဘောများအား ဖိလစ်ပိုင်သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ယိုမီယူရီ သတင်းစာက ယနေ့တွင်ဖော်ပြခဲ့သည်။
ယင်းအစီအစဉ်တွင် ဂျပန်ရေတပ်၌ နှစ်ပေါင်း သုံးဆယ်ကျော် အသုံးပြုခဲ့သော အဘူကူမာ အမျိုးအစား ဖျက်သင်္ဘော ခြောက်စီး ပါဝင်မည်ဖြစ်ကြောင်း အမည်ဖော်ပြမထားသော အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ ယိုမီယူရီသတင်းက ပြောသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီ နှင့် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတိုတီယိုဒိုရိုတို့ ပြီးခဲ့သည့် လ က စင်ကာပူတွင် တွေ့ဆုံချိန်၌ ယင်းအစီအစဉ်ကို သဘောတူခဲ့ကြောင်း သတင်းစာက ဖော်ပြသည်။
ယင်းအတွက် နောက်ဆုံးပြင်ဆင်မှုအနေဖြင့် ဖိလစ်ပိုင်ရေတပ် က ယခုနွေရာသီတွင် အဆိုပါ ဖျက်သင်္ဘောများအား စစ်ဆေးသွားမည်ဟုလည်း သတင်းက ဖော်ပြသည်။
သတင်းနှင့်ပတ်သက်၍ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်မပေးခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ထို့အတူ ဖိလစ်ပိုင် စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းမတုံ့ပြန်ခဲ့ကြောင်း ရိုက်တာက ဆိုသည်။
ဂျပန်အတွက် အရှေ့တရုတ်ပင်လယ် နှင့် ဖိလစ်ပိုင်အတွက် တောင်တရုတ်ပင်လယ်တွင် ပေကျင်း၏ ပို၍တွန်းတွန်းတိုက်တိုက်ဖြစ်လာသော လှုပ်ရှားမှုများနှင့် ရင်ဆိုင်နေရကြောင်း တိုကျိုနှင့် မနီလာတို့က ပြောကြားကြသည်။
နှစ်ဖက်စလုံး က ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေကြသလိုတပ်ဖွဲ့များ အခြားတစ်နိုင်ငံသို့ ပို့ဆောင်တပ်စွဲခွင့်အတွက်လည်း အပြန်အလှန် လက်မှတ်ရေးထိုးထားကြသည်။
အဘူကူမာ အတန်းအစား ဖျက်သင်္ဘောများသည် ပုံမှန်အားဖြင့် တန် ၂၀၀၀ လေးသော သေးငယ်သည့် ဖျက်သင်္ဘောများဖြစ်ပြီး တပ်ဖွဲ့ဝင် ၁၂၀ ခန့် လိုက်ပါနိုင်သည်။
သင်္ဘော နှင့် ရေငုပ် သင်္ဘော တိုက်ဖျက်ရေး ဒုံးကျည်များ နှင့် တော်ပီတို များသယ်ဆောင်နိုင်ကြောင်း သိရသည်။
ဖိလစ်ပိုင် ရေတပ်တွင် ဖျက်သင်္ဘောများ မရှိသေးဘဲ ဖရီးဂိတ် နှင့် ကော်ဗက် ကဲ့သို့ အခြားသေးငယ်သော စစ်သင်္ဘောများသာရှိကြောင်းသိရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
