#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အိုင်စီစီဖမ်းဝရမ်းကြောင့် ဘရာဇီးဘရစ်ထိပ်သီးညီလာခံ ရုရှားသမ္မတပူတင် တက်ရောက်မည်မဟုတ်
နိုင်ငံတကာရာဇဝတ်တရားရုံး (အိုင်စီစီ)ကထုတ်ထားသော ဖမ်းဝရမ်းကြောင့် လာမည့်သီတင်းပတ်အတွင်း ကျင်းပမည့် ဘရစ်အုပ်စု ထိပ်သီးညီလာခံသို့တက်ရောက်ရန် ဘရာဇီးသို့ ရုရှားသမ္မတပူတင် သွားရောက်မည်မဟုတ်ကြောင်း ရုရှားအစိုးရထိပ်တန်းတာဝန်ရှိသူတစ်ဦးက ဇွန် ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရုရှားနိုင်ငံက ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီး တစ်နှစ်ကျော်အကြာ ၂ဝ၂၃ ခုနှစ်တွင် ရုရှားသမ္မတပူတင်အနေဖြင့် ယူကရိန်းကလေးငယ် ရာပေါင်းများစွာကိုရုရှားသို့ အဓမ္မပို့ဆောင်ခဲ့ကြောင်းစွဲချက်ဖြင့် အိုင်စီစီက သမ္မတပူတင်ကိုဖမ်းဝရမ်းထုတ်ခဲ့သည်။
အိုင်စီစီ၏ အထက်ပါစစ်ရာဇဝတ်မှုစွဲချက်များကို ရုရှားနိုင်ငံကငြင်းပယ်ထားပြီး သမ္မတပူတင်အပေါ်ထုတ်ပြန်ထားသည့် အိုင်စီစီဖမ်းဝရမ်းသည်လည်း တရားဝင်မှုမရှိကြောင်း ရုရှားအစိုးရကပြောကြားထားသည်။
သို့ရာတွင် သမ္မတပူတင်အနေဖြင့် အိုင်စီစီဖွဲ့စည်းတည်ထောင်မှုစာချုပ်တွင် လက်မှတ်ရေးထိုးထားသော အခြားနိုင်ငံတစ်နိုင်ငံသို့ သွားရောက်မည်ဆိုပါက အိုင်စီစီဖမ်းဝရမ်းအရ ဖမ်းဆီးခံရနိုင်ခြေရှိ၊ မရှိကို ချိန်ဆရန်လိုအပ်လာပြီဖြစ်သည်။
၂ဝ၂၃ ခုနှစ်ကလည်းရုရှားသမ္မတပူတင်သည် ဘရစ်အုပ်စု ထိပ်သီးညီလာခံတက်ရောက်ရေးအတွက် အိုင်စီစီအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် တောင်အာဖရိကနိုင်ငံသို့ သွားရောက်ရေးအစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။
သို့ရာတွင် ပြီးခဲ့သည့်နှစ်အတွင်း အိုင်စီစီအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မွန်ဂိုလီးယားနိုင်ငံသို့သွားရောက်ချိန်တွင် မွန်ဂိုလီးယားအစိုးရက အိုင်စီစီဖမ်းဝရမ်းအထုတ်ခံထားရသော သမ္မတပူတင်ကို ကော်ဇောနီခင်း ကြိုဆိုခဲ့သည်။
ရိုက်တာ
