#နိုင်ငံတကာသတင်း
◼ တရုတ်အနောက်တောင်ပိုင်းရေကြီးမှုကြောင့် လူပေါင်း ၈၀၀၀၀ ကျော်နေအိမ်တိမ်းရှောင်နေရ
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ရေကြီးမှုတွင် လူပေါင်း ၈၀၀၀၀ ကျော်သည် ၎င်းတို့နေအိမ်များမှ တိမ်းရှောင်နေရကြောင်း အစိုးရမီဒီယာက ဖော်ပြခဲ့ပြီး တံတားတစ်ခုကျိုးကျသွားပြီးနောက် ခေါင်းပိုင်းတွဲလောင်းဖြစ်နေသော ကွန်တိန်တာ ကားတစ်စီးပေါ်မှ ယာဉ်မောင်းကိုလည်း ဒရာမာဆန်ဆန်ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
တရုတ် က အစွန်းရောက်ရာသီဥတုများနှင့်နွေရာသီကို ဖြတ်သန်းနေရပြီး နိုင်ငံ၏ ဒေသအများအပြား၌ အပူလှိုင်းများဒဏ်ကို ခံစားနေရချိန်၌ အချို့နေရာများတွင် မိုးသက်မုန်တိုင်းများ နှင့် ရင်ဆိုင်နေရသည်။
အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက လူပေါင်း ၈၀၉၀၀ ခန့်ကို ဘေးလွှတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဆင်ဟွာသတင်းဌာနကပြောသည်။
ရွန်ကျန်း စီရင်စုတွင် ဘောလုံးတစ်ကွင်းတွင် သုံး မီတာ ခန့် ရေမြုပ်နေကြောင်း သတင်းဌာနက ဆိုသည်။
အစိုးရရုပ်သံ သတင်းဌာန CCTV က ပြသမှုများတွင်လည်း ရေကြီးမှုကြောင့် ကျေးရွာများ နစ်မြုပ်နေပြီး တောင်ထူထပ်သောဧရိယာတစ်ခုတွင် တံတားတစ်စင်း ကျိုးကျနေသည်ကို မြင်တွေ့ရသည်။
ဒူးခန့်အထိ ရေကြီးနေသော နေရာတွင် ကယ်ဆယ်ရေးသမားများက ဒေသခံများအား တင်ဆောင်ထားသော လှေများကို တွန်းသွားသည်ကို တွေ့ရပြီး မူကြိုကျောင်းတစ်ခုမှ ကလေးငယ်များဆီသို့ ကယ်ဆယ်ရေးသမားများ သွားရောက်နေသည်ကိုလည်း သတင်းတွင် မြင်တွေ့ရသည်။
“ ရေတက်တာက အရမ်းမြန်တယ်။ ကယ်ဆယ်ရေးစောင့်နေတုန်း ကျွန်တော် က သုံးထပ်ပေါ် တက်နေတာ၊ နေ့လယ်ခင်းလောက်မှာ ဘေးကင်းရာ ရွှေ့ ပြောင်းခဲ့ရတယ်။” ဟု ဒေသခံ တစ်ဦး က ဆင်ဟွာသတင်းအား ပြောသည်။
တရုတ်မီဒီယာများက တင်ထားသော ရုပ်သံဖိုင်တစ်ခုတွင် ထရပ်ကားယာဉ်မောင်းတစ်ဦးဖြစ်သူ ယူဂူချွန်း က တံတားအပိုင်းတစ်ခု သူ့မျက်စိရှေ့မှာတင် ကျိုးကျပြီး တံတားအစွန်းတွင် သူ့ကား တင်ကျန်နေခဲ့ပြီးနောက် ကယ်ဆယ်ခံရသည့် ထိန်လန့်ဖွယ် အတွေ့အကြုံကို ပြန်ပြောင်းပြောပြသည်။
“ ကျွန်တော့်မျက်စိရှေ့မှာတင် တံတားကြီး ကျိုးကျသွားပြီး ကျွန်တော် အရမ်းကို ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
ကပ်လျက် ကွမ်ရှီးပြည်နယ်တွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်ကို အစိုးရပိုင်မီဒီယာများက ပြသခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်တုန်းကလည်း အလယ်ပိုင်း ဟူနန်ပြည်နယ်တွင်ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုမျာကြောင်း လူထောင်ပေါင်းများစွာ ကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရသေးကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-AFP


