#နိုင်ငံတကာသတင်း
◼တင်းမာမှုများ မြင့်တက်လာခဲ့ပြီးနောက် ကမ္ဘောဒီးယားနှင့်နယ်စပ်ဂိတ်များအား ထိုင်းပိတ်ထား
တအုံနွေးနွေးဖြစ်နေသော နယ်စပ်အငြင်းပွားမှုကိစ္စနှင့်ပတ်သက်၍ အရှေ့တောင်အာရှ အိမ်နီးချင်းများဖြစ်သော ထိုင်းနှင့်ကမ္ဘောဒီးယားကြားတင်းမာမှုများ ဆက်လက်မြင့်တက်နေခဲ့ပြီးနောက် ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနှင့်နယ်စပ်ဂိတ်များ၌ ခရီးသွားများ၊ ကုန်သည်များအပါအဝင် ခရီးသွားလာမှု အားလုံးနီးပါးကို ပိတ်ထားလိုက်သည်။
ပြီးခဲ့သည့်လက ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့သော လက်နက်ကိုင်ပစ်ခတ်မှုများ ဖြစ် ပေါ်ခဲ့ပြီးနောက်တွင် နှစ်ဖက်ဆက်ဆံရေးယိုယွင်းမှု ဖြစ်လာခဲ့သည်။
ထိုနောက်ပိုင်းတွင် အငြင်းပွားမှုကို ပြေပြေလည်လည် ဖြေရှင်းရန် နှစ်ဖက်စလုံးက ကြေညာခဲ့ကြသော်လည်း တစ်ဖက်နှင့် တစ်ဖက် ဒဏ်ခတ်သည့် အစီအစဉ်များကိုလည်း နှစ်နိုင်ငံစလုံးက စတင်လာခဲ့ကြကာ ထိုင်းနိုင်ငံမှ စက်သုံးဆီ နှင့် ဓာတ်ငွေ့ ဝယ်ယူမှုအားလုံးကို ရပ်တန့်လိုက်ကြောင်း ကမ္ဘောဒီးယားက မကြာသေးမီ ကြေညာခဲ့သည်။
ကမ္ဘောဒီးယားနှင့်ထိစပ်နေသော ခရိုင်ဒေသကြီးခုနစ်ခုရှိ နယ်စပ်ဝင်ပေါက်များအားလုံးမှ ယာဉ်များ၊ ခရီးသွားများ နှင့် ကုန်သည်များ အားလုံး ဖြတ်သန်းသွားလာမှုကို ကန့်သတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ညပိုင်း၌ ထိုင်းစစ်ဘက် က ထုတ်ပြန်ကြေညာခဲ့ပြီး လုံခြုံ‌‌‌ရေးအရ စိုးရိမ်မှုများကို အကြောင်းပြခဲ့သည်။
သို့သော်လည်း ဆေးကုသမှုလိုအပ်သူများ ၊ ကျောင်းသားများနှင့် အခြားအရေးပေါ် ကိစ္စများအတွက် ခြွင်းချက်များထားရှိပြီး နယ်စပ်ဂိတ်မှအဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် ဖြတ်သန်းနိုင်ကြောင်း စစ်ဘက်ကြေညာချက် က ဖော်ပြသည်။
ကန့်သတ်ချက်များသည် လက်ရှိ လုံခြုံ‌‌ရေးအခြေအနေနှင့် ကိုက်ညီကြောင်း၊ အထူးသဖြင့် ထိုင်း နှင့်ကမ္ဘောဒီးယားကြားတွင် နိုင်ငံရေးအရ၊ သံသမန်ရေးအရ၊ စစ်ရေးအရ ဆက်လက်မြင့်တက်နေသော ပဋိပက္ခကို ဖြေရှင်းမှုနှင့် ကိုက်ညီကြောင်း ထိုင်းစစ်ဘက် ထုတ်ပြန်ချက် က ဆက်လက်ဖော်ပြသည်။
ယင်းအစီအစဉ်များသည် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်က ထောက်ပြခဲ့သည့် ကမ္ဘောဒီး ယားနိုင်ငံအတွင်းမှ တရားမဝင်လိမ်လည်မှုလုပ်ငန်းများကို နှိမ်နင်းရာတွင်လည်း အထောက်အကူပြုမည် ဖြစ်ကြောင်း စစ်ဘက် ပြောသည်။
ယင်းတရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေသော ဧရိယာများသို့ လျှပ်စစ်မီးအပါအဝင် အခြား မရှိမဖြစ်ပစ္စည်းများ နယ်စပ်ဖြတ်ကျော်ပေးပို့မှုကို ထိုင်းနိုင်ငံက ရပ်တန့်သွားမည်ဖြစ်ကြောင်း ပေထုန်တန် က ပြောသည်။
ထိုင်းဝန်ကြီးချုပ်သည် နယ်စပ်ကိစ္စအငြင်းပွားမှုအား ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ဝေဖန်ခံနေရသည်။
အထူးသဖြင့် ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်နှင့် ဖုန်းခေါ်ဆိုမှု၌ ထိုင်းစစ်ဘက် ထိပ်တန်းအရာရှိကြီးတစ်ဦးအား အပုပ်ချ ပြောဆိုခဲ့ပုံပေါ်သော အသံဖိုင် ပေါက်ကြားခဲ့ပြီးနောက် ၎င်းအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား- Reuters

image