2 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံသားက မြန်မာလုပ်သားများအား သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား၊ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ စမွတ်ပရကန်ခရိုင်တွင်အနီး ဇွန် ၁၈ ရက်ညပိုင်းက ဝိုင်းဖွဲ့စားသောက်နေသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဖပဲဒဲန်ဒေသ ဘန်းကစိုနေရာတွင် မြန်မာအလုပ်သမားများနေထိုင် ရာအခန်းများရှေ့ အတူဝိုင်းဖွဲ့စားသောက်၍ စကားပြောနေကြစဉ် ထိုင်းနိုင်ငံသားကအခန်းတွဲရှေ့သို့ လာရောက်ပြီး သေနတ်ဖြင့် ရှစ်ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေနတ်ပစ်ခတ်ခံရမှုကြောင့် အသက်(၃၄)နှစ်အရွယ် မဝေဝေလွင် နှင့် အသက်(၁၈)နှစ်အရွယ် မောင်ရန်ပိုင်တို့နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးစဉ် မဝေဝေလွင်မှာ လမ်း၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်သူသည် အသက်(၅၂)နှစ်အရွယ် ထိုင်းနိုင်ငံ သားတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင်အရက်မူးနေကာ ပစ်ခတ်မှုဖြစ်ပြီး နာရီပိုင်းအကြာတွင် အဆိုပါထိုင်းနိုင်ငံသားကို ဖပဲဒဲန်ဒေသထဲတွင်ပင် ရဲတပ်ဖွဲ့ကသေနတ်၊ ကျည်ဆံ သက်သေများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီးဖမ်းဆီးခံရချိန်အထိ အရက်မူးနေသေးကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
လူသတ်မှု၊ လူသတ်ရန်ကြံစည်မှုနှင့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင်သေနတ်ကိုင်ဆောင်ထားမှုဖြင့် ထိုင်းနိုင်ငံသားကို အမှုဖွင့်အရေးယူထားပြီး ဖပဲဒိန်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ဓာတ်ပုံ - CH 8

image