ကြူကုတ်(ပန်ဆိုင်း)မြို့နယ်မှာ စိုက်ပျိုးရေးလုပ်သား ရှားပါးလာလို့ တောင်သူတွေ အခက်တွေ့
မေ ၂၀၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ်(ပန်ဆိုင်း)မြို့နယ် မုံးပေါ်ဒေသမှာ လုပ်အားခ အရမ်း ဈေးတက်လာလို့ တောင်သူတွေ အခက်ခဲပိုဖြစ်လာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"ဒီနှစ်က လုပ်အားခ နှစ်သောင်းခွဲ၊ သုံးသောင်း အထိတောင် ပြောနေကြတယ်။ ကောက်စိုက်ဖို့ နိုင်ဖို့တောင် မလွယ်တော့ဘူး။ အရမ်းခက်ခဲ လာတယ်။" လို့ တောင်သူ တယောက်က ပြောပါတယ်။
အခု မေလကုန် ဇွန် လဆန်းပိုင်းကစ စပါးတွေ စိုက်တော့မှာ ဖြစ်တာကြောင့် အလုပ် သမားလည်း ရှားလာလို့ ဧပြီလကုန်ပိုင်း ကတည်းက ကောက်စိုက် သမ တွေကို ကြိုတင် ရက်ချိန်း ယူထားရပေမယ့် လုပ်အားခ အရင်နှစ်ထက်များနေတာကြောင့် ငွေ မလုံမလောက် ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
"လုပ်အားခက မနှစ်တုန်းက တယောက် နှစ်သောင်း။ အခုနှစ်က နှစ်သောင်းခွဲ။ ဆန်က ၁၀ လုံးပြည် တပြည်မှ ၈၀၀၀၊ ဆန်တအိတ် ၁၅၀၀၀၀။ ကိုက်တာတွေ၊ မကိုက်တာတွေက မသိတော့ဘူး။ လယ်ကတော့ လုပ်ရတာပဲ။" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ကြံခုတ်တုန်းကလည်း တခြား ဒေသက အလုပ်သမားခေါ်ရင် ခေါ်တဲ့လူက အာမခံ ပေးရပြီး အလုပ်သမား ခေါ်ရင် တယောက်ကို ၅၀၀၀ နှုန်းနဲ့ ကိုးကန့် MNDAA အခွန်ဆောင်ရမယ်လို့ ပြောတော့ အလုပ်သမားက နည်းနည်း နဲ့ လည်း မရေတာ့ ဘယ်သူမှ မခေါ်နိုင်ကြတာ လို့ သူက ပြောပါတယ်။
ဒေသတွင်းက ဒေသခံ တချို့က ငွေပိုရတဲ့ တရုတ်တယ်စပ်ဘက် သွား ရောက် အလုပ်လုပ်ကုန်ကြပြီး ဒေသပြင်ပက အလုပ်သမား ခေါ်ရင် ကိုးကန့် ဆီအခွန်ဆောင်ရ၊ အာမခံ ထောက်ခံပေးရ တာတွေကြောင့် ဒေသပြင်ပအလုပ်သမားေတွကို အလုပ်ရှုပ်လို့ မခေါ်နိုင်ကြဘူးလို့ ဆိုပါတယ်။
ဒေသတွင်း ထွက်တဲ့ ဆန်၊ စပါးကို ဒေသ ပြင်ပ ရောင်းချခွင့်ပိတ်ထားလို့ ဈေးမရပေမယ့် ဒေသတွင်း လုပ်သားမလုံလောက်လို့ ဒေသပြင်ပက အလုပ်သမားခေါ်ရင်လည်း အာမခံရတာတွေ၊ အခွန်ဆောင်ရတာတွေကြောင့် လုပ်အားခ ဈေးပိုတက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် လုပ်အားခ ဈေးများလာလို့ ဆိုပြီး ကြံ စိုက်ဖို့ မြေငှားရမ်းကကို တရုတ် ကြံကုမ္ပဏီတွေ အရင်နှစ်က စိုက်မြေ တဧက ပျမ်းမျှ ငှားရမ်းခ တရုတ်ငွေ ယွမ် ၁၈၀၀ ရှိရာကေန အခုနှစ်ကို တဧက မြေငှားရမ်းခ တရုတ် ယွမ် ၁၅၀၀ - ၁၂၀၀ အထိ လျှော့ချ သတ်မှတ် လိုက်တာမျိုးရှိတယ်လို့ ဆိုပါတယ်။
Photo :Shy V
