လပေါ်က Heritage စာရင်းဝင်များ
၁၉၆၉ ခုနှစ်မှာ အမေရိကန်နိုင်ငံသား နီးလ်အမ်စတွန်း ဟာ အပိုလို ၁၁ ယာဉ်နဲ့ လကမ္ဘာပေါ် အခြေချခဲ့ရာကစလို့ လူသားတွေရဲ့ အာကာသနဲ့ပတ်သက်တဲ့ စူးစမ်းလေ့လာမှုတွေဟာ ပိုမိုကျယ်ပြန့် တိုးတက်ခဲ့ပါတယ်။ ခက်တာက နီးလ် တို့ဟာ လပေါ်ကို ခြေရာ ချခဲ့ရုံတင်မကပဲ အမှိုက်ပါ ချခဲ့တာ ဖြစ်ပါတယ်။ သူတို့ ချခဲ့တဲ့ အမှိုက်တွေထဲမှာ ဆီးစွန့်ပစ္စည်းတွေ၊ အန်ဖတ်ထည့်တဲ့ အိတ်တွေအပြင် တခြား အပိုင်းအစ ၁၀၀ ကျော် ပါဝင်ပါတယ်။ အဲ့ကစခဲ့တဲ့ အစဉ်အလာဟာ ယနေ့မှာတော့ လမျက်နှာပြင်ပေါ် အမှိုက်တန်ချိန် ၂၀၀ ကျော်လောက် ရောက်နေပါပြီ။
စာရင်းလုပ်ကြည့်မယ်ဆ်ိုရင် -
- Spacecraft ၇၂ ခု ( နိုင်ငံ ၅ခုက ပျက်ကျတဲ့ orbiter တွေကိုပါ ထည့်တွက်ရင်)
- လပေါ်မှာ အကယ်၍ ဂြိုဟ်သားများ ရှိရင် ဆိုပြီး ငြိမ်းချမ်းရေး အထိမ်းအမှတ် ယူသွားကြတဲ့ ရွှေသံလွင်ကိုင်းခက် (ခုတော့ အမှိုက်သာသာ ဖြစ်နေပါပြီ)
- တွန်းလှည်း ၅ စုံ
- အခြောက်ခံ အေးခဲ ထားတဲ့ လူ့အညစ်အကြေး ၉၆ အိတ်
- အာကာသယာဉ်မှူး ချားလ် ထားခဲ့တဲ့ သူ့ရဲ့ မိသားစု ဓါတ်ပုံ
- ဘွတ်ဖိနပ် ၁၂ ရံ
- အစားသောက်ထုပ်တွေ ၊ တစ်ရှူးစိုတွေ
လူမနေတဲ့ လမျက်နှာပြင်ကြီး သန့်ရှင်းသာယာလှပရေးအတွက်ဆိုပြီး ဒေါ်လာသန်းချီ အကုန်ခံ၊ ကမ္ဘာမြေကြီးဆီ အဲ့အမှိုက်တွေ ပြန်ယူလာဖို့ဆိုတာလည်း ဘယ်သူမှ မလုပ်ချင်ကြတဲ့ အလုပ်ပါ။
ဒါပေမဲ့ NASA is NASA - နာဆာကတော့ နာဆာပါပဲ။ အာကာသကို စူးစမ်းလေ့လာနေတဲ့ ဦးနှောက်ပိုင်ရှင်တွေရဲ့ အကြံကောင်းပုံများတော့ ဒီနေရာတွေကို “လပေါ်က ရှေးဟောင်းအမွေအနှစ်များ” လို့ သတ်မှတ် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လ ပေါ်အလည်သွားလို့ heritage sites တွေ ကြည့်မယ်ဆိုရင်တော့ဖြင့် ဘယ်သူ ဘယ်တုန်းက ရောက်ခဲ့တယ်ဆိုတဲ့နေရာတွေမှာ အဖုအခွက် ထနေတဲ့ မျက်နှာပြင်ပေါ်က အမှိုက်တွေကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။
ဒီအမှိုက်တွေဟာ ပိုးသတ်သန့်စင်ပြီးသားလို့ နာဆာက ပြောပေမဲ့ အနာဂတ် တချိန်မှာ လကမ္ဘာကို ကျူးကျော်လာမယ့် ဂြိုဟ်သားတွေအတွက်တော့ အာကာသယာဉ်မှူးတွေရဲ့ အညစ်အကြေးအိတ်ထဲက ဘက်တီးရီးယားတွေကို တွေ့ခဲ့သည်ရှိသော် ဘာကောင်တွေလဲဟ ဆိုပြီး အထူးအဆန်း သုတေသနလုပ်နေကြမှာ ဖြစ်ပါတယ်။
