#ပြည်တွင်းသတင်း
◼တပ်မတော်ကပြုလုပ်မည့်ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတမှုရှိမည်ယူဆဟု ဒေါ်သက်သက်ခိုင်ပြော
တပ်မတော်ကဦးစီးပြုလုပ်မည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှုရှိမည်ဟုယူဆကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်က ယနေ့(မေ ၁၁ ရက်) တွင် ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်၌ပြုလုပ်သည့် ၎င်းတို့ပါတီ၏သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် ၂၅ ရာခိုင်နှုန်းနေရာရထားခြင်း၊ ဒုတိယသမ္မတတစ်ယောက်အလိုအလျောက်ရထားခြင်းတို့ကြောင့် ပိုပြီးသမာသမတ်ရှိ၍ယုံကြည်ရကြောင်း ၎င်းကဆက်လက်ပြောသည်။
"ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမယ်လို့ ယူဆရပါတယ်။ နစကက လက်ရှိမှာ တပ်မတော်ကနေပေါ်ပေါက်လာတဲ့နိုင်ငံတော်ကို တာဝန်ယူနေရတဲ့အစိုးရဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က ၂၅ ရာခိုင်နှုန်းနေရာရထားပြီးသားပါ။ ဒုတိယသမ္မတတစ်ယောက်ကိုလည်း အလိုလျောက်ရထားပြီးသားဖြစ်တယ်။ ဒုတိယသမ္မတကနေမဲပေးခြင်းအားဖြင့်သမ္မတလည်းဖြစ်နိုင်တယ်။ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးနေရာတွေကို တပ်မတော်ကရပြီးသား။ ဒါကြောင့် တပ်မတော် ကမကထ လုပ်တဲ့ရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီကအစိုးရဖြစ်လာတဲ့ ရွေးကောင်ပွဲနဲ့ယှဉ်ကြည့်လို့ရပါတယ်" ဟု ဒေါ်သက်သက်ခိုင်က ပြောသည်။
ထို့ပြင် နိုင်ငံရေးပါတီတစ်ခုမှအစိုးရဖြစ်လာပြီး ပြုလုပ်သည့်ရွေးကောက်ပွဲသည်မသမာမှုများရှိလာနိုင်ပြီး တပ်မတော်ကဦးစီးပြုလုပ်မည့်ရွေးကောက်ပွဲသည် ပိုပြီးသမာသမတ်ရှိ၍ယုံကြည်ရကြောင်း ၎င်းက ယင်းသတင်းစာရှင်းလင်းပွဲတွင်ဆက်လက်ပြောဆိုခဲ့သည်။
နစက က ယခုနှစ်ကုန်ပိုင်းတွင်ပြုလုပ်မည်ဟုဆိုသည့်ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီမှတ်ပုံတင်ထားပြီး ကော်မတီတစ်ရပ်ဖွဲ့စည်း၍ ကိုယ်စားလှယ်လောင်းများစိစစ်ရွေးချယ်နေပြီဖြစ်ကြောင်း ယင်းပါတီထံမှသိရသည်။
သတင်း - ပိုင်လေး
