ဖုန်းအကြမ်းခံနိုင်စွမ်းကို လူတူစက်ရုပ်နဲ့ စမ်းခဲ့တဲ့ Meizu
ပုံမှန်ဆို ဖုန်း drop test တွေကို lab ခန်းထဲက စက်နဲ့ စမ်းတာပါ။
Meizu ကျမှ နာမည်ကြီး Unitree G1 စက်ရုပ်သုံးပြီး သူ့ဖုန်း Note 16 Pro ကို drop test လုပ်ပါတယ်။ Meizu လုပ်တဲ့ အကွက်က တော်တော်လှပါတယ်။ စက်ရုပ်နဲ့ durability tests စမ်းချက်တွေကလည်း တော်တော်ကြမ်းပါတယ်။
ပထမ Unitree G1 နဲ့ Meizu Note 16 Pro ကို ၁ မီတာအမြင့်ကနေ ကြမ်းပြင်ပေါ် လွှတ်ချခိုင်းပါတယ်။ ပုံမှန်လူတစ်ယောက်ရဲ့ ခါးစောင်းလောက် အမြင့်ကနေမို့ အေးဆေး pass ဖြစ်ပါတယ်။ နောက် ၁.၅ မီတာ ၊ ၃ မီတာတွေ စမ်းပါတယ်။ ၁၀ ပေလောက်အမြင့်အထိ ရောက်သွားတာလည်း အေးဆေးပါပဲ။
နောက်တစ်ဆင့် စမ်းတာကြီးက တော်တော်လွန်ပါတယ်။ ၃၅ မီတာကျော် မြင့်တဲ့ Meizu ရုံးခေါင်မိုးပေါ် တက်ပြီး လွှတ်ချခိုင်းတာပါ။ အောက်ခြေ မြက်ခင်းပေါ် ဖုန်းက အထိအခိုက်မရှိကျပါတယ်။ ဘေးနား ကွန်ကရစ်ပေါ် ကျသွားမယ်ဆိုရင်တော့ drop test ကျနိုင်ပါတယ်။
