အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ ယခုသီတင်းပတ်မှာ စတင်မယ်
ဝါရှင်တန်၊ မေ-၇-၂၀၂၅
ရတီ (VOM)
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်လျှော့ဖို့ ကြိုးပမ်းမှုအဖြစ် နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ ယခုသီတင်းပတ်အတွင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ စီစဉ်ထားပါတယ်။
တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလီဖန်ဟာ ဆွစ်ဇာလန်နိုင်ငံမှာ မေလ ၉ ရက်ကနေ ၁၂ ရက်ထိပြုလုပ်မယ့် ဆွေးနွေးပွဲကို တက်ရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန်ဘက်ကတော့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နဲ့ ကုန်သွယ်ရေးကိုယ်စားလှယ် ဂျမီဆင်ဂရီယာတို့ ပါဝင်မှာပါ။
အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တရုတ်ကုန်ပစ္စည်းအပေါ် ၁၄၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့ပြီး တရုတ်နိုင်ငံကလည်း အမေရိကန်သွင်းကုန်တွေအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း လက်တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမယ့် နှစ်ဖက်အကြား စေ့စပ်ညှိနှိုင်းမှုတွေဟာ လပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ တရုတ်ဒုတိယသမ္မတ ဟန်ကျန်ဟာ ဇန်နဝါရီလမှာ ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် အဆင့်မြင့်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ မျှော်လင့်ချက်တွေ၊ နိုင်ငံအကျိုးစီးပွားနဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေရဲ့ တောင်းဆိုချက်တွေကို အပြည်အ၀ထည့်သွင်းစဉ်းစားပြီးနောက် တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ခဲ့တာလို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ဆွေးနွေးမှုတွေကို လမ်းဖွင့်ထားပေမယ့် ကုန်သွယ်ရေးစစ်ပွဲ ဆက်လက်ပြင်းထန်နေပါက အဆုံးထိ ရင်ဆိုင်သွားမှာဖြစ်ကြောင်း တရုတ်တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ လက်ရှိမှာတော့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စျေးကွက်တွေ ကမောက်ကမဖြစ်လို့နေပါတယ်။
Ref:BBC
Photo:Getty Images
