#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အိန္ဒိယနှင့် ဆက်ဆံရေးတင်းမာနေစဉ် ဒုံးကျည်စမ်းသပ်မှု ပါကစ္စတန်ပြုလုပ်
ပြီးခဲ့သည့်လအတွင်း ကက်ရှ်မီးယားဒေသ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်ကို အကြောင်းပြု၍ အိမ်နီးချင်းအိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် ပါကစ္စတန်နိုင်ငံက ဘလစ်စတစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မေ ၃ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။
အက်ဘ်ဒါလီအမည်ရှိ အဆိုပါ ဒုံးကျည်စနစ်ကို မေ ၃ ရက်တွင် ပစ်လွှတ်စမ်းသပ်ခဲ့ရာ အကွာအဝေးကီလိုမီတာ ၄၅ဝ (မိုင် ၂၈ဝ) ခန့် အထိရောက်ရှိခဲ့ကြောင်း ပါကစ္စတန်စစ်ဘက်က သတင်းထုတ်ပြန်ထားသည်။ အိန္ဒိယနိုင်ငံဂျမူးနှင့် ကက်ရှ်မီးယားဒေသတို့၌ ဧပြီ ၂၂ ရက်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူပေါင်း ၂၆ ဦး သေဆုံးခဲ့ရပြီး ၁၇ ဦး ဒဏ်ရာများရရှိခဲ့သည်။
အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုတွင် ပါကစ္စတန်နိုင်ငံသား အကြမ်းဖက်သမားများ ပါဝင်ပတ်သက်နေကြောင်း အိန္ဒိယနိုင်ငံကစွပ်စွဲထားရာ နှစ်နိုင်ငံဆက်ဆံရေး ဆိုးဆိုးရွားရွားကျဆင်းလျက်ရှိသည်။
အက်ဘ်ဒါလီဒုံးကျည်စနစ်စမ်းသပ်မှု ပြုလုပ်ခဲ့သည့်နေရာကို ပါကစ္စတန်စစ်ဘက်က ထုတ်ဖော်ပြောကြားခြင်း ယမရှိပေ။
သို့ရာတွင်ပါကစ္စတန်စစ်ဘက်သည် ဒုံးကျည်စမ်းသပ်မှုများကို အိန္ဒိယနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသောနေရာများတွင် လုပ်လေ့မရှိဘဲ အာရေးဗီးယန်းပင်လယ်ဒေသ သို့မဟုတ် ဘလူချီစတန်ပြည်နယ် သဲကန္တာရဒေသများဘက်ဆီသို့သာ ပစ်လွှတ်စမ်းသပ်လေ့ရှိသည်။
အိန္ဒိယနှင့်ပါကစ္စတန်တို့သည် ဗြိတိသျှလက်အောက်မှ လွတ်လပ် ရေးရပြီးနောက်ပိုင်း ပိုင်ဆိုင်ခွင့်အငြင်းပွားခဲ့သည့် ကက်ရှ်မီးယားဒေသကို အကြောင်းပြု၍စစ်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။
ရိုက်တာ

image