အညှီအဟောက်ဝတ္ထုလို့ နာမည်ကြီးတဲ့ “ လေဒီချက်တာလေ၏ ချစ်သူ ” ဝတ္ထုတရားရုံးအထိ ရောက်သွားတဲ့အကြောင်း ဆောင်းပါးတစ်ပုဒ် နဲ့ စဖွင့်ထားတယ် ။ ညစ်ညမ်းစာပေ ဆိုတာ ဘယ်လိုစာမျိုးကို ခေါ်တာလဲ ။ ဘာတွေ ပါနေလို့ ညစ်ညမ်းစာပေ လို့ သတ်မှတ်ကြသလဲ ။
ဟိုတစ်ခေတ်မှာ ညစ်ညမ်းစာပေလို့ သတ်မှတ်ထားပြီး အခုခေတ်ကျမှ ဂန္ထဝင်စာပေ စာရင်းထဲ ဝင်သွားတဲ့ စာအုပ်တစ်အုပ်ကတော့ အင်္ဂလိပ် စာရေးဆရာကြီး ဒီအိတ်ချ့်လောရင့်ရေးတဲ့ လေဒီချက်တာလေ၏ ချစ်သူ စာအုပ်ပါ ။ ၁၉၂၈ နှစ် ဥရောပမှာပဲ ထုတ်ဝေခွင့်ရပြီး ၁၉၆၀ နှစ်ကျမှ အင်္ဂလန်မှာ ထုတ်ခွင့်ရတဲ့ လေဒီချက်တာလေ၏ ချစ်သူ စာအုပ်ဟာ တရားစွဲဆိုခြင်းကို ခံရတယ် ။ သူ့ခေတ်မှာ လှုပ်လှုပ်ရှားရှား အဖြစ်ဆုံး အဲဒီစာအုပ်ကို ညစ်ညမ်းစာပေ ဟုတ်မဟုတ် တရားရုံးမှာ ဆုံးဖြတ်ရတဲ့ အထိပဲ ။ တရားလိုနဲ့ တရားခံ နှစ်ဖက်စလုံး ရဲ့ ရှေ့နေတွေ အပြန်အလှန် လျှောက်လှဲ ချေပကြပြီး နောက်ဆုံးမှာ ဂျူရီလူကြီးတွေက “ အပြစ်မရှိ ” လို့ ဆုံးဖြတ်ပေးခဲ့တယ် ။ အဲဒီ လျှောက်လှဲချက်တွေကို “ လေဒီချက်တာလေ၏ ချစ်သူ တရားခွင် ” ဆိုပြီး စာအုပ် ထုတ်လိုက်သေးတယ်။
" ကြာညိုနံ့သင်းသော ရေဝတီမ" ဆိုတဲ့ ဆောင်းပါးက... ပြင်သစ် စာရေးဆရာ မော့ပတ်ဆွန်း အကြောင်း ၊ မော့ပတ်ဆွန်း စာအုပ်တွေကို အင်္ဂလန်မှာ ထုတ်ဝေခဲ့သူ Frank Harris ရေးတဲ့ မော့ပတ်ဆွန်းဘဝ ဇာတ်သိမ်းခန်း ဟာ တကယ်ကို ကြေကွဲစရာပါ ။ အောင်မြင် ထင်ရှားတဲ့ စာရေးဆရာတစ်ယောက်ရဲ့ ကန့်လန့်ကာ နောက်ကွယ်က ရင်နင့်စရာ အဖြစ်တွေ ။
The Root ဇစ်မြစ် ဝတ္ထု နဲ့ နာမည်ကြီးလာတဲ့ စာရေးဆရာ Alex Haley ကို စာဖတ်သူတွေ သိကြမှာပါ ။ ကမ်းခြေစောင့်တပ်မှာ ဆယ်နှစ်ကျော် အမှုထမ်းခဲ့တယ်။ စာရေးဆရာ လုပ်မယ်ဆိုပြီး အလုပ်ထွက်လိုက်တယ်။ အောင်မြင်တဲ့ စာရေးဆရာဘဝ မရောက်မီ အဲလက်စ်ဟာလီ ရုန်းကန်ခဲ့ရပုံများကို ဖွင့်ဟထားတဲ့ ဆောင်းပါးလေးပါ။
စာရေးဆရာ ဖြစ်ဖို့ “ မျှော်လင့်ချက်တိုင်းပြည်ထဲမှာ နေရဲတဲ့ သတ္တိရှိအောင် ၊ နေရဲတဲ့ ဇွဲရှိအောင် လှုံ့ဆော်ပေးတဲ့ အရာက တစ်ခုပဲ ရှိတယ် ” လို့ သူ ပြောခဲ့ပါတယ် ။ အဲဒီ ဆောင်းပါးက "ငါးသေတ္တာနှစ်ဘူးနှင့် အကြွေ ၁၈ဆင့်" "ကြာညိုနံ့သင်းသော ရေဝတီမ " ထဲက ဆောင်းပါးတွေဟာ နိုင်ငံတကာ က စာရေးဆရာတွေရဲ့ ပုံရိပ်တွေ ၊ ကမ္ဘာကျော် စာအုပ်တွေအကြောင်း နဲ့ မြန်မာစာပေလောကကို သုံးသပ်ထားတဲ့ ဆောင်းပါးတွေ ဖြစ်ပါတယ် ။ ဆောင်းပါး ဆိုတာ သုတစာပေ ထဲပါတယ် ပြောကြပေမဲ့ ရသကိုလည်း ပေးနိုင်စွမ်းကြောင်း ဒီစာစုတွေက သက်သေပြလိုက်သလိုပဲ။
#ကြာညိုနံ့သင်းသောရေဝတီမ #မြသန်းတင့်
