1 ပတ် - ဘာသာပြန်ပါ။

#ဖာလူဒါလုပ်နည်း♦
နွေရာသီ ပူပြင်းတဲ့ ရာသီဥတုမှာ လုပ်စားနိုင်ဖို့ ဖာလူဒါ လုပ်နည်းလေးပါ။ ဖာလူဒါက အိန္ဒိယစတိုင် လုပ်နည်းပါ၊ အိန္ဒိယမှာတော့ ဖာလူဒါထဲကို ပင်ပွား၊ စမိုင်ဖတ်၊ သာကူစေ့၊ နွားနို့၊ သကြားရည် တို့ထည့်ပြီ လုပ်ကြပါတယ်။
ရန်ကုန်မှာ စားနေကျစတိုင် ဖာလူဒါ လုပ်နည်းကို ရှယ်ပေးထားပါတယ်။ ရာသီဥတု ပူပူလေးမှာ ဖာလူဒါ အေးအေးလေး လုပ်စားကြည့်ရအောင်…
ပါ၀င်ပစ္စည်းများ
*နွားနို့- ခွက်၄ခွက် (၈၀၀ မီလီလီတာ)
*မုန့်လက်ဆောင်းဖတ် – ၁ခွက်
*အနီရောင် ဂျယ်လီ – ခွက်တ၀က် (အတုံးသေးများတုံးထားပါ)
*အဝါရောင် ဂျယ်လီ – ခွက်တ၀က် (အတုံးသေးများတုံးထားပါ)
*အစိမ်း(သို့) ခရမ်းရောင် ဂျယ်လီ – ခွက်တ၀က် (အတုံးသေးများတုံးထားပါ)
*သာကူစေ့ – ခွက် ၁ခွက်
*နို့စိမ်း (သို့) နို့ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
*ပူတင်း – ၂တုံး
*Vanilla ရေခဲမုန့် – ၁ဗူး
အနီရောင် သကြားရည်တွင် ပါ၀င်ပစ္စည်းများ
*အနီရောင်ဆိုးဆေးအရည် – လက်ဖက်ရည်ဇွန်း တ၀က်
*သကြား – စားပွဲတင်ဇွန်း ၆ဇွန်း
*ရေ – စားပွဲတင်ဇွန်း ၃ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး သာကူကြိုရန် ဒယ်အိုးထဲ ရေတ၀က်ထည့်ပြီ ရေဆူလာလျှင် သာကူစေ့များထည့်ပြီ ရောမွှေပေးပါ။
၂။ သာကူကို မီးအတင့်သင့်ဖြင့် သာကူများ မကပ်သွားအောင် မွှေပေးရပါမည်။
၃။ သာကူစေ့ အလယ်အစံများ ပျောက်သွားလျှင် မီးပိတ်လိုက်ပြီ အနီရောင်ဆိုးဆေးရည်(၄စက်)ခန့် လောင်းထည့်ကာ ရောမွှေပေးပါ။
၄။ သာကူစေ့များ အနီရောင်ပြောင်းသွားလျှင် ဇကာဖြင့် ပြန်စစ်ထားပြီ ပန်းကန်ထဲ ပြောင်းထည့်ထားပါ။
၅။ ပြီနောက် သကြားရည်အတွက် ပါ၀င်ပစ္စည်းများ ဖြစ်သော (အနီရောင်ဆိုးဆေးရည်၊ သကြား၊ ရေ)တို့ကို သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။
၆။ နွားနို့ ၈၀၀ မီလီလီတာ ကို ဒယ်ထဲ ထည့်ပြီ မီးအတင့်သင့်ဖြင့် မိနစ် ၂၀ခန့် နွားနို့ တ၀က်ခန့် ခမ်းသွားသည်အထိ ပျစ်အောင် တည်ထားပေးပါ။
(သို့) နွားနို့ ပွက်ပွက်ဆူအောင် တည်ထားပြီ ကော်မှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ကို ရေဖြင့် ရောမွှေပြီ လောင်းထည့်ပေးပါ၊ နွားနို့ အနည်းငယ် ပျစ်လျှင် မီးပိတ်လိုက်ပါ။
ရ။ ပြီနောက် နွားနို့ကို အခန်းအပူချိန်ဖြင့် ခေတ္တအအေးခံပြီ ရေခဲသေတ္တာအောက်ထပ် ထည့်ပြီ အအေးခံထားပါ။
ဖာလူဒါ ပြုလုပ်နည်း
၁။ အရင်ဆုံး ဖန်ခွက်ရှည်ထဲသို့ အနီရောင် သကြားရည်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပါ။
၂။ ပြီးနောက် အပေါ်မှ မုန့်လက်ဆောင်ဖတ်(စားပွဲတင်ဇွန်း ၁ဇွန်း၊ ဂျယ်လီ ရောင်စုံ(၁မျိုး စားပွဲတင်ဇွန်း တ၀က်စီ)၊ သာကူ၊ ပူတင်း(တုံး၀က်)၊ နွားနို့(ခွက်တ၀က်)ထည့်ပေးပါ။
၃။ နောက်ဆုံး ရေခဲမုန့်(1 Scoop)အပေါ်မှ တင်၊ နို့စိမ်း(သို့) နို့စိမ်း(စားပွဲတင်ဇွန်း ၂ဇွန်း) ဆမ်းပေးပါ။
၄။ အားလုံးကို သမအောင် အနည်းငယ် ရောမွှေပြီ အရသာရှိသော ဖာလူဒါ အေးအေးလေးကို သုံးဆောင်နိုင်ပါပြီ…
Credit.

image