#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများအတွက် သွင်းကုန်လိုင်စင်များ ဆက်လက်ခွင့်ပြုထုတ်ပေးမည်
လတ်တလောဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင် လှုပ်ခတ်မှုကြောင့် လိုအပ်လျက်ရှိသည့်ဆေးဝါး၊ သံချောင်း၊ သွပ်ပြားလိပ်၊ ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်မီးနှင့်ရေပစ္စည်းစက်ရုံသုံးစက်နှင့်စက်အရန်ပစ္စည်းများ တင်သွင်းနိုင်ရေးအတွက် သွင်းကုန်ပစ္စည်းများအား နိုင်ငံခြားသုံးငွေ အမျိုးအစားအလိုက် လိုင်စင်များကို နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း လတ်တလောလိုအပ်လျက်ရှိသည့် ဆေးဝါးနှင့်ဆေးအထောက်အကူပြု ပစ္စည်းများအားတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ဝ၃ ကိုငလျင်ဖြစ်ပွားပြီးနောက် ယခုရက်ပိုင်းအတွင်း သွင်းကုန်လိုင်စင်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ပြည် တွင်းတွင် ဆေးဝါးနှင့်ဆေးအထောက်အကူပြုပစ္စည်းများ လုံလောက်စွာသုံးစွဲနိုင်ရေးအတွက် အထူးလိုအပ်သည့် ဆေးပစ္စည်းများကိုသွင်းကုန်လိုင်စင်များ ဆက်လက်ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အထူးလိုအပ်သော သံချောင်း၊ သွပ်ပြားလိပ်၊ သံမဏိပစ္စည်း၊ ဆောက်လုပ်ရေးသုံး ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်မီးနှင့် ရေပစ္စည်းစက်ရုံသုံးစက်၊ မြေပြင်လုပ်ငန်းသုံး စက်ကိရိယာနှင့် ယာဉ်ယန္တရားသုံးစက်အရန်ပစ္စည်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ဝ၃၉ သန်းကို ငလျင်ဖြစ်ပွားပြီးနောက် သွင်းကုန်လိုင်စင် အမြန်ဆုံးထုတ်ပေးခဲ့ကြောင်း၊ ငလျင်ဘေးသင့် ပြန်လည်ထူထောင်သည့်ကာလအတွင်း လိုအပ်ချက်ရှိသော အရေးကြီးကုန်စည်များအားစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန က ၂၄ နာရီအတွင်း သွင်းကုန်လိုင်စင်ရရှိရေး အမြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် ဆေးဝါးများအပြင်ပြန်လည်ထူထောင်ရေး အတွက်တည်ဆောက်ရေးပစ္စည်းများအား ပြည်ပမှအချိန်မီတင်သွင်းနိုင်ရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် One Stop Service Team များဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
