3 w - Translate

" ရှင် ဘယ်တော့ ကျွန်မကို ပစ်သွားမှာလဲ "
" အို မပစ်ဘူး ဘယ်တော့မှ ပစ်မသွားဘူး "

မြန်မာပြည်နောက်ခံ မြန်မာ့မြေပေါ်မှာ တည်ထားတဲ့ ဇာတ်လမ်း ။ မြန်မာမလေး မသွဲ့ နဲ့ အင်္ဂလိပ်စစ်ဗိုလ်ဟောင်း ပီတာဆင်းဖို့ဒ်တို့ကြားက ချစ်ခြင်းဇာတ်လမ်းတစ်ပုဒ် ။ ခေတ်နောက်ခံကတော့ ဒုတိယကမ္ဘာစစ်ကာလ မြန်မာပြည်အတွင်းမှာတော့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး အချိန်ကာလပေါ့ ။

မေမြို့-လားရှိုးလမ်းမကြီးဘေး ပွေးကောက်ရွာနားလေးက တောလေးထဲမှာ ဝါးတဲလေးတစ်လုံးရှိတယ် ။ အဲဒီတဲလေးမှာ ကျောက်ပွဲစားလုပ်တဲ့ မသွဲ့နေတယ်လေ ။ သူ့ယောကျ်ားက ဂျပန်ခေတ်မှာ အင်္ဂလိပ်တွေကို ကူညီပေးလို့ အဖမ်းခံရပြီး သေမှန်းမသိ ရှင်မှန်း မသိ ပျောက်နေခဲ့တာ ။

ဂျပန်ခေတ်ကြီးမှာ အင်္ဂလိပ်တွေကို ကူညီပေးခဲ့တဲ့လူတွေကို အင်္ဂလိပ်အစိုးရက ဆုငွေတွေချီးမြှင့်ပေးတယ်တဲ့လေ ။ တကယ်ကူညီပေးခဲ့တာ ဟုတ် မဟုတ် စစ်ဆေးပြီး ငွေကြေးဆုချတာပေါ့။ ဒီတာဝန်ကိုထမ်းဆောင်ဖို့ လာခဲ့တဲ့ ပီတာ ။

ငြိမ်းချမ်းတိတ်ဆိတ်တဲ့ တောအလယ်က ဝါးတဲလေးမှာ ချယ်ရီပန်းလေးလို လှနေတဲ့ မသွဲ့ကို ပီတာက မြင်မြင်ချင်း သဘောကျ ချစ်သွားတော့တယ် ။

အေးချမ်းတဲ့ မေမြို့မှာ လူမျိုးမတူတဲ့ လူနှစ်ယောက်ကြားက ပေါက်ဖွားလာတဲ့ အချစ်တစ်ခု ။

မသွဲ့ဟာ ဂျပန်ခေတ်မှာ အိမ်ထောင်မရှိတဲ့ အမျိုးသမီးတွေကို ဆောင်ကြာမြိုင် ပို့လို့ သူ့ကို မရမက အတင်းလိုချင်နေတဲ့ "ရွှေလူ"ကို လက်ထပ်ယူခဲ့တာတဲ့ ။ သူ တကယ်ချစ်မိသွားတာကတော့ " ပီတာ့" ကိုပါတဲ့လေ ။

ပီတာ နဲ့ မသွဲ့ဟာ ဝါးတဲလေးမှာ အတူနေရင်း ပီတာ ရေးဆွဲပေးတဲ့ ပန်းချီကားတွေကို မသွဲ့ဟာ မေမြို့စျေးမှာ သွားရောင်းပေးတယ် ။ နောက်ပြီး ရလာတဲ့ ပိုက်ဆံနဲ့ ဝါးတဲလေးဆီပြန်လာပြီး အတူချက်ပြုတ်စားကြတယ်တဲ့ ။ စမ်းချောင်းလေးမှာ အတူရေစိမ်ရင်း ဖြတ်သန်းတဲ့ အေးချမ်းတဲ့ ရက်ကလေးတွေ အမြဲရှိနေမှာလား ။

ရုတ်တရက် မသေဘဲ ပြန်ရောက်လာတဲ့ မသွဲ့
ယောကျ်ား ကိုရွှေလူ ။

ပီတာကို တစ်ဖက်သတ် ချစ်နေတဲ့ ဒတ်ချ် စစ်သူလျှိုမလေး "အိုင်ရင်း " ။

အိုင်ရင်း နဲ့ လက်ထပ်ပြီး အတူနေသွားမယ်ဆိုပြီး စေ့စပ်ထားတဲ့ အင်္ဂလိပ်စစ်ဗိုလ် "အယ်လင် " ။

သူတို့ ငါးဦးကြားက အချစ်ပြဿနာ ။ ဒီအချစ်ဇာတ်လမ်းမှာ ဘယ်သူတွေ အသည်းကွဲ ကျန်ရစ်ကြမလဲ ။ ဘယ်သူတွေဟာ အချစ်အတွက် ရဲရင့်လာတတ်မှာလဲ ။ ဘယ်သူကရော အချစ်ကို သစ္စာဖောက်သွားမှာလဲ ။

ဘာသာမတူ စကားအပြောအဆိုမတူတဲ့ လူနှစ်ဦးကြားက ချစ်ခြင်းဟာ အမြဲတည်တံ့နေနိုင်မှာလား ။ လူဖြူတစ်ယောက်ဟာ မြန်မာ့မြေပေါ်မှာနေထိုင်ရင်း မြန်မာမလေးတစ်ယောက်ကို ရိုးမြေကျ ပေါင်းသင်းသွားနိုင့်ပါ့မလား ။

ဒီဝါးတဲလေးက လူနှစ်ယောက်ရဲ့ အချစ်မှာ ဘယ်သူက စစ်မှန်ခဲ့တယ်ဆိုတာ တောအုပ်ကြီးက သိလိမ့်မယ် ။ အေးမြတဲ့ စမ်းချောင်းလေးက ပြောပြပေးလိမ့်မယ် ။ ကိုယ်တိုင်သိချင်ရင်တော့ စာအုပ်လေးဖတ်ကြည့်ပါ ။ တကယ်ဖတ်လို့ကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ ။

" ပီတာ ပီတာ ကျွန်မ ရှင့်ကို ချစ်ပါတယ် "

#ဝါးတဲလေး #စိန်ခင်မောင်ရီ

image