3 w - Translate

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မြန်မာငလျင် အရေးပေါ် အထူးအစည်းအဝေးခေါ်ယူ
-----------------------------------
ငလျင်ဘေးကယ်ဆယ်ရေးလုပ်ဆောင်ရန် အာဆီယံက စီစဉ်နေပြီး အကူအညီလိုအပ်မှု အတိုင်းအတာကို သိရန် မလေးရှားနှင့် ထိုင်းမှ နိုင်ငံခြားရေးဝန်ကြီးများ ကွင်းဆင်းလေ့လာတော့မည်ဖြစ်သည်။
ပုံစာ-၂၀၂၅ မတ်လတွင် ပေါ်ပေါက်ခဲ့သော ငလျင်တွင် အပျက်အစီးများပြားခဲ့သည့် စစ်ကိုင်းမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် တော်လှန်ရေးအင်အားစု။ (ဓာတ်ပုံ - NUG)
Myanmar Now
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ ဖျက်အားပြင်းငလျင်ကြီး လှုပ်ခတ်သွားပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေး နိုင်ရန် အရေးပေါ် အထူးအစည်းအဝေးတစ်ရပ်ကို မတ်လ ၃၀ ရက်နေ့တွင် အွန်လိုင်းမှ ခေါ်ယူကျင်းပခဲ့သည်။
အဆိုပါ အရေးပေါ် အထူးအစည်းအဝေးအပြီး ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အာဆီယံ ထုတ်ပြန်ချက် အရ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Maris Sangiampongsa တို့သည် လာမည့် ဧပြီလ ၅ ရက်နေ့တွင် စစ်ကိုင်းငလျင်ကြောင့် ဖြစ်ပေါ်သော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်မှု အတိုင်းအတာကို ဆန်းစစ်လေ့လာရန် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။
စစ်ကောင်စီက ထိုအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် အာဆီယံ၏ ထုတ်ပြန်ချက်တွင် ဝန်ကြီးသန်းဆွေ တက်ရောက်ခဲ့ခြင်းကို လုံးဝဖော်ပြထားခြင်း မရှိပါ။
အစည်းအဝေးအတွင်း ဝန်ကြီးများ ချမှတ်သည့် အာဆီယံ၏ ကူညီကယ်ဆယ်ရေး ရည်ရွယ်ချက်မှာ “ဘေးဒုက္ခထိခိုက်ခံစားရမှုအပေါ် အချိန်နှင့်တပြေးညီ ထိရောက်စွာ တုန့်ပြန်ဆောင်ရွက်ရေး” ဖြစ်ပြီး၊ မြန်မာစစ်ကောင်စီက သေချာဆောင်ရွက်ပေးရမည်မှာ “လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရာတွင် လုံခြုံစိတ်ချပြီး အကူအညီပေးနိုင်မည့်ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရေး၏ အရေးကြီးမှု” ဖြစ်သည်။
အလိုအပ်ဆုံးပြည်သူများထံ လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိရန် သေချာစေရေးအတွက် မြန်မာစစ်ကောင်စီဘက်က အဆင်သင့်ဖြစ်မှုအပေါ် ကြိုဆိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အာဆီယံထုတ်ပြန်ချက်အရ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်သည် ၎င်း၏တာဝန်များထဲတွင် အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေး ညှိနှိုင်းရေးမှူး (ASEAN Humanitarian Assistance Coordinator) တာဝန်လည်း ပါဝင်ပြီး၊ မြန်မာနိုင်ငံ၏တောင်းဆိုချက်အရ ထိုတာဝန်ကို စတင်ထမ်းဆောင်မည် ဟု ပါဝင်သည်။
ထို့အပြင် AHA Center ခေါ် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်း စာနာမှု အထောက်အပံ့ ပေးရေး ညှိနှိုင်းမှုစင်တာသည် ERAT (ASEAN Emergency Response and Assessment Team) ကို အာဆီယံက အကူအညီပေးမည့် အရေးပေါ်အကူအညီပစ္စည်းများ စုစည်းစီမံခန့်ခွဲရန်နှင့် ငလျင်ဒဏ်သင့်ဒေသ များတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်မှုများအတွက် စေလွှတ်သွားမည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် အာဆီယံနိုင်ငံများထဲမှ စင်္ကာပူ၊ မလေးရှား နှင့် ထိုင်းနိုင်ငံတို့က အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ ကို စေလွှတ်ထားပြီး၊ စင်္ကာပူကယ်ဆယ်ရေးအဖွဲ့သည် အစောဆုံးရောက်ရှိလာကာ နေပြည်တော်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဟု သိရှိရသည်။ အလားတူ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံ တို့ကလည်း ၎င်းတို့၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ မြန်မာနိုင်ငံသို့ စေလွှတ်ရန် စီစဥ်နေသည်ဟု အာဆီယံ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

image