ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီးနောက် ခရက်စ်ပိုက အဝတ်လဲခန်းအတွင်းမှာ သူ ရခဲ့တဲ့ ဆုတံဆိပ်ကို စိုက်ကြည့်ရင်း ရှိနေခဲ့တာပါ။ ဒီဆုက သူ့အတွက် အများကြီး အဓိပ္ပာယ်ရှိပြီး သူပိုင်ဆိုင်ခဲ့သမျှထဲမှာ တန်ဖိုးအကြီးမားဆုံးလို့တောင် ပြောရပါလိမ့်မယ်။
ချယ်လ်ဆီးကနေ အေစီမီလန်ကို အငှားနဲ့ သွားကစားခဲ့တဲ့ ၂၀၀၅ မှာ သူက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်ခဲ့တယ်။ လီဗာပူးလ်နဲ့ ကစားခဲ့ရပြီး ခြေစွမ်းပြနိုင်ခဲ့ကာ ၂ဂိုးသွင်းပြီး ပထမပိုင်းမှာတင် အသင်းကို ၃-၀နဲ့ ဦးဆောင်စေခဲ့တာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ၃ ဂိုးပြန်ပေးရပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အေစီတို့ ရှုံးခဲ့ပါတယ်။
စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့တဲ့ ခရက်စ်ပိုဟာ ကစားသမားဘ၀ကနေ အနားယူဖို့အတွက်တောင်မှ နီးစပ်ခဲ့တာပါ။ ချယ်လ်ဆီးကို သူပြန်ရောက်လာပြီးနောက် အမှတ်ပေးဖလားရခဲ့လို့သာ သူ့ရဲ့ စိတ်ဓါတ်ပိုင်းက အကောင်းဘက်ကို ပြန်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီအောင်မြင်မှုက သူ့အတွက် အများကြီးကို အရေးပါခဲ့တာပါ။
