5 w - Translate

#နိုင်ငံတကာသတင်း
◼ယူကရိန်းအတွက် စစ်ရေးအကူအညီ ယူရို ၃ ဘီလီယံ ဂျာမနီအတည်ပြု
ယူကရိန်းအတွက် စစ်ရေးအကူအညီအဖြစ် ၂၀၂၅ ခုနှစ်တွင် ယူရို ၃ ဘီလီယံနှင့် ၂၀၂၆ မှ ၂၀၂၉ ခုနှစ်အထိ နောက်ထပ် ယူရို ၈ ဒသမ ၃ ဘီလီယံ ပေးအပ်သွားရေးကို ဂျာမနီအောက်လွှတ်တော် ဘတ်ဂျက်ကော်မတီက အတည်ပြုပေးလိုက်ကြောင်း သိရသည်။
ယူရို ၃ ဘီလီယံအကူအညီမှာ ယူကရိန်းအား စစ်ရေးအကူအညီအဖြစ် ယူရို ၄ ဘီလီယံပေးရန် ၂၀၂၅ ဘတ်ဂျက်လျာထားချက်အပြင် ထပ်ဆောင်းပေးအပ်သော အကူအညီဖြစ်ကြောင်း သိရသည်။
ရာထူးမှထွက်ခွာရတော့မည့် အဓိပတိ အိုလက်ဖ်ရှိူးဇ်ဦးဆောင်ခဲ့သော မဟာမိတ်အစိုးရကို ပြုတ်ကျသွားစေခဲ့သည့် သဘောထားကွဲပြားမှုများကြောင့် ယင်းထပ်ဆောင်းအကူအညီပေးရေးကိစ္စမှာ လပေါင်းများစွာ ကြန့်ကြာနေခဲ့သည်။
ကြီးမားသောငွေကြေးသုံးစွဲမှု အစီအစဉ်တစ်ရပ်အား ဂျာမနီအထက်လွှတ်တော် က သောကြာနေ့တွင် အတည်ပြုခဲ့ပြီးနောက် ယူကရိန်းအတွက် ထပ်ဆောင်းအကူအညီပေးခြင်းကို လမ်းပွင့်သွားစေခဲ့ပြီး ယင်းအစီအစဉ်ကပင် ကာကွယ်‌ရေးအတွက် ငွေကြေးသုံးစွဲမှုဆိုင်ရာနိုင်ငံ၏တင်းကျပ်သော စည်းကမ်းများကို ဖြေလျော့ပေးထားသည်။
ယူကရိန်းသို့ပေးပို့သွားမည့် စစ်လက်နက်ပစ္စည်းများတွင် Iris-T လေကြောင်းကာကွယ်‌ရေးစနစ်များ ၊ ပဲ့ထိန်းဒုံးကျည်များ ၊ ထောက်လှမ်းရေးရေဒါများ ၊ ဒရုန်းများ ၊ တိုက်ပွဲဝင်ယာဉ်များ နှင့် အပေါ့စားလက်နက်များ ပါဝင်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ်စတိုးရီးယပ်စ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ရုရှားက ယူကရိန်းအား အပြည့်အဝကျူးကျော်မှုကို လွန်ခဲ့သော သုံးနှစ်ကစတင်ခဲ့ပြီးနောက်ပိုင်း ဂျာမနီ က ယူကရိန်းအား စစ်ရေးအကူအညီ ယူရို ၂၈ ဘီလီယံ အထိ ပေးအပ်ခဲ့ပြီး အမေရိကန်ပြီးလျှင် ဒုတိယအများဆုံးကူညီသူဖြစ်သည်။
သို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က စစ်ပွဲအဆုံးသတ်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့်ဆက်သွယ်ခဲ့ပြီး ယူကရိန်းအတွက် စစ်ရေးအကူ အညီကိုပင် ယာယီဆိုင်းငံ့ခဲ့ပြီးနောက် အခြေအနေက သိသာစွာပြောင်းလဲသွားခဲ့သည်။
အမေရိကန်က ကိဗ်အတွက် စစ်ရေးအကူအညီကို လျှော့ချခဲ့ပြီးနောက် ယင်းလစ်ဟာမှုကို ဖြည့်ဆည်းရန် ဥရောပမဟာမိတ်များက ကြိုးစားနေကြပြီး ဂျာ မနီအနေဖြင့် ယူကရိန်းအား ဆက်လက်ကူညီသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ဂျာမနီရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့သည့် ကွန်ဆာဗေးတစ်ခေါင်းဆောင် နှင့် အဓိပတိဖြစ်လာရန်တာစူနေသူ ဖရက်ဒရစ်မားဇ် က ကတိပြုထားသည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးကလည်း ယူကရိန်းနိုင်ငံသားများ၏အသက်ကို ကယ်တင်နေသည့် ဂျာမနီ၏ ခိုင်မာသောဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး မားဇ် နှင့် ရှိူးဇ်တို့ကို ကျေးဇူးတင်ကြောင်း ဆိုရှယ်မီဒီယာတွင် ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-dpa, AFP

image